ချိုလေးဇွန်

Friday, August 30, 2013

ကလေးနှင့်လူငယ်


ကလေးနှင့်လူငယ်ဆိုပြီး ခေါင်းစဉ်လေးပေးထားမိတဲ့အတွက် ကလေးအကြောင်းကစပြီးပြောပြပါမည်။ ငယ်ငယ်တုန်းကရွတ်ခဲ့ရသောကဗျာလေး
ကျွန်တော်အမှတ်ရနေမိသည်။ ကလေးများကို ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းများသို့သွားလျှင်ဘုန်းတော်ကြီးက ဆူတတ်မာန်တတ်ပုံကိုက
ဗျာလေးဖြင့် သရုပ်ဖော်ထားသည်။ ကဗျာလေးက
ဆွမ်းအုပ်နီနီ၊ အမေရွက်လို့
နက်ဖြန်မနက်ကျောင်းတက်မယ်။
မောင်လည်းလိုက်မယ်၊ ချန်မထားနဲ့
အမေသွားတော့ပျင်းလှတယ်။
ကျောင်းကြီးပေါ်မှာမောင်ငယ်ဆော့တော့
ဘုန်းကြီးအော်လို့ရိုက်လိမ့်မယ် တဲ့ ကဗျာကဒီလိုဖွဲ့ထားပါသည်။ မိဘက မိမိကိုးကွယ်ယုံကြည်သည့်ဘာသာကိုရင်သွေးလေးများကိုနမူနာပြသင်
ကြားပေးသည်။ ဘုန်းတော်ကြီးက ဆော့ရင်ရိုက်လိမ့်မယ်လို့ဆိုထားသည်။ ကလေးများကလည်းဘုန်းတော်ကြီး ကြောက်ကြသည်။     ဒါကြောင့်
ဘုန်းတော်ကြီးကျောင်းက ရင်သွေးငယ်လေးများကိုတားဆီးသလိုဖြစ်နေသည်။ ကျွန်တော်တို့ဘုန်းတော်ကြီးများသည် ကလေးများကိုအရေးတယူ
မရှိသည်ကိုငယ်စဉ်အခါကတွေ့ရပါသည်။ ဒါကဘာသာတရား၏ ကလေးတွေအပေါ်ထားရှိသည့် အခြေအနေဖြစ်သည်။     ကလေးများအရွယ်က
လေးရလာတော့ ဘုန်းတော်ကြီးကျောင်းကိုသွားဖို့ဝန်လေးလာသည်။ ကျေးလက်မှာတော့ ဘုန်းတော်ကြီးကျောင်းသို့သွားရမှာကိုဝန်မလေးသော်
လည်း မြို့ပြဆန်သောနေရာမှကလေးများကတော့ ဘုန်းတော်ကြီးကျောင်းများနှင့်တော်တော်ဝေးလာပါသည်။
ငယ်စဉ်မူလတန်းအရွယ်မှာ ဆရာဆရာမများကိုကြောက်ကြရသည်။ ဆရာများက ပြောသည်များကိုအားလုံးမှန်သည်ဟုမှတ်ကြသည်။ ဆရာတစ်
ယောက်က အမှားသင်ပေးလိုက်ပါမည်ဆိုလျှင် အဲဒီကလေးမစဉ်းစားမဆင်ချဉ်နိုင်သရွေ့ တောက်လျှောက်မှတ်သွားမည်။ ယခုခေတ်မှာတော့က
လေးဗဟိုပြုသင်ကြားရေးကိုဆောင်ရွက်နေပါပြီ။ တိုးတက်ကောင်းမွန်လာသည့် စနစ်ဖြစ်လာသည်ဟုလက်ခံယုံကြည်ပါသည်။
အတွေ့အကြုံလေးတစ်ခုမှတ်မိနေသေးသည်။         ကျွန်တော့်တူတစ်ယောက် ဒုတိယတန်းအောင်စာရင်းထွက်တော့အောင်စာရင်းကိုတူအရီးနှစ်
ယောက်သွားကြည့်ဖြစ်သည်။         ကျောင်းကအောင်စာရင်းကပ်ထားတဲ့နေရာကိုရောက်တော့ ဒုတိယတန်းအောင်စာရင်းကိုရှာပြီးဖတ်ကြသည်။
ကလေးကအောင်သည်။ ပဉ္စမအဆင့်ဖြင့်အောင်သည်။ သားမင်းအောင်တယ်ကွ၊ပဉ္စမရတယ်လို့ပြောတော့ ကလေးက ပဉ္စမဆိုတာဘာလဲလို့ပြန်
မေးသည်။ ကျွန်တော်ခေါင်းနပန်းကြီးသွားသည်။ ဒုတိယတန်းကို အဆင့်(၅)ဖြင့်အောင်သည့်ကလေးတစ်ယောက်က   ပဉ္စမဆိုတာမသိဘူးဖြစ်နေ
သည်။ ဒါဆို အဆင့်(၆) ကနေပြီးအောက်ဆုံးအဆင့်ရောက်နေသောကလေးများဘယ်လိုနေမည်လည်းကျွန်တော်စဉ်းစားကြည့်မိသည်။ ကျွန်တော်
သက်ပြင်းကိုသာအခါခါချနေမိပါသည်။
ဒီလိုနဲ့ကလေးများအရွယ်ရောက်လာပြီး လူငယ်တွေဖြစ်လာမည်။ လူကြီးတွေလုပ်ဆောင်နေသောစကားဝိုင်းများ၊ အစည်းအဝေးများ၊ တွေ့ဆုံပွဲ
များတွင်လူငယ်များကိုနေရာပေးဆွေးနွေးသောအလေ့အထမှာ ကျွန်တော်တို့နိုင်ငံတွင်အင်မတန်နည်းသည်။ လူကြီးများက မိမိတို့သည်အတွေ့
အကြုံအရရော အသက်အရွယ်အရွယ်အရရောဘာမှပြောစရာမရှိ။လူငယ်များမှာ အတွေ့အကြုံ ဗဟုသုတနည်း၍ အမှားလုပ်မိမည်ကိုစိုး၍အရာ
မသွင်းခြင်းဖြစ်သည်။ လူငယ်များကို မယုံရဲသဖြင့် တာဝန်မပေးရဲကြပါ။
ဒါပေမဲ့လူငယ်တို့မှာ အားမာန်စွမ်းအားအပြည့်ရှိသည်။ စဉ်းစားဆင်ချင်နိုင်သည့်အတွေးအခေါ်အတွေ့အကြုံတို့သာနည်းခြင်းဖြစ်သည်။    သေ
ချာစွာလေ့ကျင့်ပျိုးထောင်ပေးပါက စွမ်းအားများပြည့်လာပြီးလုပ်နိုင်ကိုင်နိုင်သောလူငယ်များဖြစ်လာမည်။ လူကြီးများဆိုသည်မှာ  အသက်အရွယ်
ကြီးလာသည်နှင့်အမျှ စွမ်းအားများကျလာသည်။ စာဖတ်ဖို့ စာရေးဖို့ကိုတောင်အနားယူပြီးမှလုပ်နေကြရသည်။ စိတ်သွားတိုင်းကိုယ်မပါနိုင်တော့
ပါ။ နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် လူငယ်တွေရဲ့အားအများကြီးလိုအပ်ပါသည်။
လူငယ်များသည် နောင်တစ်ချိန်တွင်မဖြစ်မနေ တိုင်းပြည်တာဝန်ကိုပခုံးပြောင်းတာဝန်ယူကြရမည်ဖြစ်သည်။ ယနေ့ခေတ်သည် Multimedia
ခေတ်ကြီးဖြစ်သည်နှင့်အညီ ကျွန်တော်တို့နိုင်ငံရဲ့လူငယ်အများစုဟာ Media လောကမှာပေါ်ပျူလာဖြစ်ချင်၊ နေရာရချင်လာကြသည်။ ခေတ်
၏ရေစီးကြောင်းနှင့်အတူ မင်းသားမင်းသမီးဖြစ်ချင်သူ ၊ အဆိုတော်ဖြစ်ချင်သူ လူငယ်လူရွယ်တွေနေရာအနှံ့လက်ညှိုးထိုးမလွဲပါ။ ဒါတွေကိုမ
ကောင်းဘူးလို့မဆိုလိုပါဘူး။ နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် စာပေ၊ဂီတ၊အနုပညာနယ်ပယ်စုံဖွံ့ဖြိုးတိုးတက်ဖို့အထူးလိုအပ်ပါတယ်။အ
ထူးသဖြင့်နိုင်ငံရဲ့အသိပညာရင်းမြစ် (Knowledge Resource) ဖြစ်တဲ့စာပေလုပ်ငန်းဟာ အထူးဖွံ့ဖြိုးတိုးတက်ဖို့လိုသလိုနယ်ပယ်အသီးသီးမှာ
လူငယ်အများစုဟာ ထူးချွန်ထက်မြက်ဖို့အမှန်တကယ်လိုအပ်နေပါသည်။
ကျွန်တော်တို့နိုင်ငံမှာရှိတဲ့ အဖွဲ့အစည်းများ၊ အသင်းအဖွဲ့များနှင့်ပါတီများတွင်လူငယ်များပါဝင်မှုအားနည်းနေသည်ကိုတွေ့ရပါသည်။ လူငယ်
များပါဝင်မှုအားနည်းရခြင်းမှာ----------
၁။ လူငယ်များသည် မည်သည့်ကိစ္စမဆိုခဏတာသာစိတ်ဝင်စားတတ်ပြီး ရေရှည်အတွက်စိတ်ဝင်စားမှုအားနည်းခြင်း။
၂။ နည်းပညာနောက်သို့လိုက်ပြီး Internet/ Facebook/ Gtalk & Game များတွင်သာအချိန်ကိုအသုံးချနေခြင်း။
၃။ လူကြီးများက လူငယ်များကိုအရေးတယူလုပ်၍တွဲမခေါ်ခြင်း။
၎။ မကောင်းမှုများတွင်သာပျော်မွေ့တတ်ပြီး ကောင်းသောအလုပ်များတွင်စိတ်ပါဝင်စားမှုအားနည်းခြင်း။
၅။ စာပေလေ့လာဖတ်ရှုမှုအားနည်းခြင်း။
စသည့်အချက်များကြောင့်ဖြစ်သည်ဟုလေ့လာသုံးသပ်မိပါသည်။ အထက်ပါအချက်အားလုံးကို လူငယ်တိုင်းဖြစ်နေသည်မဟုတ်ပါ။ အချို့သော
လူငယ်များတွင်သာဖြစ်နေသည်ကို ထောက်ပြခြင်းဖြစ်ပါသည်။
မြို့ပြကလူငယ်များနှင့် နယ်ကလူငယ်များသည်ယခင်ခေတ်နှင့် ယနေ့နည်းပညာတိုးတက်နေသောခေတ်တွင်လည်း အရည်အချင်းများကွာဟ
နေသည်ကိုတွေ့ရှိရပါသည်။ နယ်မှလူငယ်များသည် ကလေးဘ၀တွင်တက်ခဲ့ရသောကျောင်း၊ လက်ခံသင်ယူခဲ့ရသောအခြေအနေ၊ လူနေမှုအ
ဆင့်အတန်းတို့သည် မြို့ပြနေလူငယ်များနှင့် ယနေ့အထိများစွာကွာဟနေသည်ကိုတွေ့နေရပါသေးသည်။  နယ်ကလူငယ်များ (၁၀၀)ဦးတွင်
ထူးချွန်ထက်မြက်သူမှာ (၁၀)ဦးခန့်သာရှိသော်လည်း မြို့ပြတွင်နေသောလူငယ်(၁၀၀) ဦးတွင် ထူးချွန်ထက်မြက်သူမှာ (၅၀)ဦးခန့်ရှိနေသည်
မှာ မြို့ပြနှင့်နယ်ရှိလူငယ်များ၏ကွာဟချက်ဖြစ်သည်။
နယ်ဟုဆိုရာတွင်လည်း နယ်မြို့တွင်နေသောလူငယ်နှင့် ကျေးလက်တွင်နေသောလူငယ်များလည်း ကွာဟချက်များရှိနေပါသည်။ နိုင်ငံတော်က
တောရောမြို့ပါ တစ်ပြေးညီပညာရေးစနစ်ကိုအကောင်အထည်ဖော်ဆောင်ရွက်နေသော်လည်း ကွာဟမြဲအတိုင်းကွာဟနေပါသည်။ ဒါဆိုရင်မြို့
ပြတွင်သာမက နယ်များတွင်ပါ ပညာဗဟုသုတနှင့်ပြည့်စုံသူများကမိမိတို့တတ်သိထားသည်များကိုပြန်လည်မျှဝေရင်း   မိမိတို့နိုင်ငံတော်ကြီးဖွံ့
ဖြိုးတိုးတက်ဖို့ တတ်နိုင်သည့်ဖက်မှ တစ်ဖက်တစ်လမ်းတာဝန်ယူလုပ်ဆောင်ပေးကြစေလိုပါသည်။
ကလေးဘ၀ကတည်းက မိဘကအနာဂတ်အတွက်လူကောင်းလူတော်များဖြစ်အောင်ပြုစုပျိုးထောင်ဖို့တာဝန်ရှိသလိုဘာသာရေးခေါင်းဆောင်များ
ကလည်း မိမိတို့ယုံကြည်ကိုးကွယ်ရာဘာသာတရားကို ကလေးနှင့်လူငယ်များစိတ်ပါဝင်စားလာစေရန်တာဝန်ရှိပါတယ်။ဆရာဆရာမများကလည်း
ကလေးတွေကိုဥာဏ်ရည်ဥာဏ်သွေးထက်မြက်စေဖို့တာဝန်ရှိသလို နယ်ပယ်အသီးသီးမှာတာဝန်ခံနေကြတဲ့လူကြီးများကလည်း    လူငယ်များကို
လက်တွဲခေါ်ဖို့ မိမိတိုကသိထားတာတွေကိုပြန်လည်မျှဝေဖို့လည်းလိုအပ်ပါတယ်။ မိမိတို့နေထိုင်ရာ အမိမြန်မာနိုင်ငံတော်ကြီး အမြန်ဆုံးဖွံ့ဖြိုးတိုး
တက်ဖို့ယနေ့ခေတ်မှာ လူကြီးနှင့်လူငယ်လက်တွဲဆောင်ရွက်ဖို့လိုအပ်ပါကြောင်း တိုက်တွန်းရေးသားလိုက်ရပါသည်။

နေ၀င်းဇော်(မြန်အောင်)

No comments:

Post a Comment