နံနက်စောစောအိပ်ယာကလန့်နိုးလာမိသည်။ ညကအိပ်တာနောက်ကျ
သဖြင့် မနက်သွားစရာတစ်ခုရှိတာကိုသတိရရင်း နာရီကိုကြည့်မိတော့ ခြောက်
နာရီခွဲနေပြီ။ နံနက်ခင်းအလှကိုကြည့်ရင်း မျက်နှာသစ်ဖို့အိမ်ရှေ့မှာရှိတဲ့ကျောက်
စည်ပိုင်းနားဆီကိုအလာ မိတ်ဆွေတစ်ယောက်နဲ့တွေ့လို့ နုတ်ဆက်လိုက်သည်။
စောစောစီးစီးဘယ်ကပြန်လာတာလဲဗျ။ ညက ------------ ကွက်သစ်မှာနေတဲ့
လက်သမားဆရာ ကိုအေး ညကနှစ်နာရီလောက်မှာဆုံးသွားတယ်လေ။ အဲဒီကို
သတင်းသွားမေးရင်းပြန်လာတာဟု မိတ်ဆွေကပြောသည်။ ဘာဖြစ်လို့လဲဗျလို့
မေးလိုက်တာကို မိတ်ဆွေကပြန်ပြောသည်။ သွားဖွားဆရာမလေးပြောတာတော့
သွေးပေါင်ထိုးကျသွားတယ်ပြောတာပဲဟုမိတ်ဆွေက ပြောရင်းကျွန်တော့်ကိုနုတ်
ဆက်လိုက်သည်။ ကျွန်တော်လည်း ပြန်နုတ်ဆက်လိုက်ရင်း မျက်နှာသစ်အပြီး
ကိုအေးအကြောင်းစဉ်းစားနေမိသည်။
ကိုအေးဆိုတာက----------- ကွက်သစ်မှာနေသည်။ အသက်က လေး
ဆယ့်ငါးလောက်ရှိပြီ။ အလုပ်ကမြို့ထဲကပရိဘောဂအလုပ်ရုံမှာလက်သမားဆ
ရာပါ။ မိသားစုက ခုနှစ်ယောက်ရှိသည်။ ကလေးအကြီးဆုံးက ၁၃နှစ်သားပါ။
ကျန်တဲ့ကလေးတွေကငယ်သေးတော့ ဇနီးသည်ကဘာမှမလုပ်နိုင် ကလေးငါး
ယောက်နှင့်လုံးချာလည်နေသည်။ ကိုအေး ရှာတာကိုမလောက်မငစားနေရသည်။
ကိုအေးမှာ နေမကောင်းဖြစ်ခဲသည်။ အလုပ်ရုံသို့နေ့တိုင်းသွားသည်။ကို
အေးမှာ ရောဂါတစ်ခုတော့ရှိသည်။ သွေးတိုးရောဂါဖြစ်သည်။ သွေးတိုးသည်ကို
သိရခြင်းမှာလည်း ကိုအေးတစ်ယောက် တစ်နေ့ခေါင်းမူးသည်။ ရပ်ကွက်အပိုင်
သွားဖွားဆရာမလေးက အိမ်နားကမွေးလူနာကိုကြည့်ပြီးအပြန် ကိုအေးကိုနုတ်
ဆက်လိုက်သည်။ ဆရာမလေးကလည်း ကိုအေးဒီနေ့အလုပ်မသွားဖူးလား။ခေါင်း
မူးလို့ဆရာမရယ်အဲဒါနဲ့မသွားဖြစ်တာ။ ကျွန်တော်ခုရက်ထဲခေါင်းခဏခဏမူး
တယ်။ နောက်တစ်နေ့ကျရင်တော့သက်သာသွားတတ်တယ်ဆရာမ။ ကိုအေး
ဆေးခန်းမသွားဘူးလား။ ပိုက်ဆံမရှိဘူးဆရာမရဲ့။ ဒါဆိုကျမသွေးပေါင်ချိန်ပေး
မယ်။ ဆရာမလေးလည်း အိမ်ပေါ်တက်လာပြီး သွေးပေါင်ချိန်စက်ကိုဖွင့် နားကြပ်
ကိုနားမှာတပ်ပြီး ကိုအေးအားစမ်းသပ်လိုက်သည်။ ကိုအေးသွေးပေါင်တွေတက်
နေသည်။ ဆရာမလေးလည်း ကိုအေးကိုသွေးပေါင်ကျဆေးပေးကာ ပြန်သွား
သည်။ ဆေးသောက်ပြီး နာရီပိုင်းအကြာမှာ ကိုအေးသက်သာသွားသည်။ နောက်
တစ်နေ့ကြည်ကြည်လင်လင်အလုပ်သွားနိုင်သည်။
သိပ်မကြာသောရက်ပိုင်းအတွင်း ကိုအေးခေါင်းထပ်မူးပြန်သည်။ သွေးတိုး
သည်ဟုဆရာမပြောသည်ကိုသိထားသောကိုအေးတစ်ယောက်မြို့ထဲကအလုပ်
ရုံကိုသွားရင်း ဈေးထဲတွင်ဆေးဝယ်သောက်ရန်ဆေးဆိုင်သို့သွားလိုက်သည်။
ဆေးဆိုင်သို့ရောက်သောအခါ သွေးတိုးသည်ဟုပြောလိုက်သောအခါဆေးဆိုင်
ပိုင်ရှင်က ဆေးတွဲတစ်တွဲပေးလိုက်သည်။ ကိုအေးအလုပ်ရုံသို့အရောက်ဆေး
ဆိုင်က၀ယ်လာတဲ့ဆေးတွဲလေးကိုသောက်လိုက်သည်။ ခဏနေတော့ကိုအေး
တစ်ယောက်သက်သာသွားသည်။
နောက်ပိုင်းတစ်ခုခုဖြစ်လျှင် ထိုဆေးဆိုင်သို့သွားကာဆေးတွဲဝယ်
သောက်ဖြစ်သည်။ ကိုအေးရဲ့ ဇနီးနဲ့ကလေးများအားလုံး ဖျားတာနာတာ ကိုယ်
တွေကိုက်တာခဲတာ၊ ၀မ်းသွားတာကအစ ဆေးတွဲကလေးတွေအဲဒီဆိုင်က တွဲ
ပေးသည်။ ရောဂါပျောက်သည်။ ကိုအေးတို့မိသားစုတင်မက ကွက်သစ်
တစ်ခုလုံး ထိုအတိုင်းလုပ်သည်။ ဆေးခန်းမသွားကြတော့ပါ။
ကျွန်တော့်သယ်ငယ်ချင်းတစ်ယောက်က သူနာပြုသင်တန်းကဆင်းပြီး
စကာင်္ပူမှာအလုပ်သွားလုပ်တာရှိသည်။ စကာင်္ပူနိုင်ငံလေဆိပ်ကိုရောက်တော့တန်း
ပြီးမြို့ထဲသို့မသွားရသေးပါ။ လေဆိပ်မှာ ဆေးစစ်ခံရသေးသည်။ ဆေးစစ်တာ
အောင်မှ ၀င်ခွင့်ပေးသည်။ သူမ ဆေးစစ်တာအောင်သွားတော့အလုပ်ကိုသွားရ
သည်။ သူမနဲ့ကျွန်တော်က တစ်လတစ်ကြိမ်လောက်အင်တာနက်မှာ (gtalk)&
(facebook) တို့မှာစကားပြောဖြစ်သည်။ Massage တွေအပြန်အလှန်ပို့ဖြစ်
သည်။ စကာင်္ပူနိုင်ငံရဲ့သာယာလှပမှုများကိုမြင်ရသည်။ ကျွန်တော်က ကျွန်တော်
တို့နိုင်ငံရဲ့လက်ရှိအခြေအနေအကြောင်းတွေပြောဖြစ်သည်။ တစ်နေ့တော့သူမ
သွားကိုက်နေလို့နေမကောင်းဘူးဆိုပြီး အင်တာနက်မှာစာချန်ထားခဲ့သည်။
နောက်နှစ်ရက်လောက်ကြာတော့ သူမကို Online မှာတွေ့ဖြစ်သည်။ သွားဘယ်
လိုနေသေးလဲလို့မေးတော့ ကောင်းသွားပြီလို့ဖြေသည်။ ကျွန်တော်က ကျွန်
တော်တို့နိုင်ငံရဲ့ထုံးစံအတိုင်း နင်လည်းဆရာမတစ်ယောက်ပဲ၊ သွားကိုက်တာ
များ ပါရာစီတမောသောက်ပျောက်ရောပေါ့လို့ပြောလိုက်သည်။ သူမကပြန်ပြော
သည်။ စကာင်္ပူမှာက မြန်မာနိုင်ငံလိုမဟုတ်ဘူးတဲ့။ ဆရာဝန်လက်မှတ်မပါရင်
ဆေးဆိုင်တွေကဆေးမရောင်းဘူးလို့ပြောသည်။ နောက်သူတို့လိုအလုပ်လာ
လုပ်သူတွေကို စကာင်္ပူနိုင်ငံကခြောက်လတစ်ကြိမ်ဆေးစစ်ခိုင်းသည်။ ဆေးမ
အောင်ပါက ကိုယ့်နိုင်ငံကိုပြန်လွှတ်သည်။ ဆေးအောင်မှအလုပ်ဆက်လုပ်ခွင့်ရ
သည်။ စကာင်္ပူနိုင်ငံရဲ့ လက်ရှိအခြေအနေဖြစ်သည်။
ကျွန်တော်တစ်ခါက ဆရာဝန်တစ်ယောက်နယ်လှည့်ဆေးကုသရေးလုပ်
တာကို လိုက်သွားဖူးသည်။ အသက်သုံးဆယ်လောက်လူတစ်ယောက် ဆေးလာ
ပြသည်။ သူ့နုတ်ခမ်းကဆေးလိပ်သောက်တာများလို့ပြာနေသည်။ အသက်က
မနည်းရှုသွင်းနေရပုံလည်းရသည်။ သူ့အလှည့်မရောက်သေးတော့သစ်ပင်ရိပ်
မှာထိုင်စောင့်နေတာကို ကျွန်တော်အမှတ်တမဲ့ကြည့်နေမိသည်။ ဆရာကနောက်
တစ်ယောက်လာပါလို့ခေါ်လိုက်တဲ့အချိန်မှာ အဲဒီလူအလှည့်ရောက်လို့သူထ
လာသည်။ ဆရာက ဘာဖြစ်တာလဲလို့မေးတော့ အမြဲတမ်းခေါင်းကိုက်ကိုက်နေ
တာကိုပြောပြသည်။ ဆရာလည်းသွေးပေါင်ချိန်တိုင်းသည်။ နားကြပ်ဖြင့်ရင်ဘတ်
တစ်လျောက်နားထောင်သည်။ ဆရာက ခင်ဗျားခုလိုဖြစ်နေတာကြာပြီလားလို့
မေးတယ်။ ငါးနှစ်လောက်ရှိပြီဖြစ်ကြောင်းသူကပြောပြသည်။ ဆရာကလောလော
ဆယ်ဆယ်သက်သာအောင်အကိုက်အခဲပျောက်ဆေးပေးခဲ့မယ်။ ခဏပဲသက်
သာမှာနော်။ ခင်ဗျားရောဂါက ကျွန်တော်ကုလို့မပျောက်နိုင်ဘူး။ မြို့ကြီးတစ်မြို့
ကိုသွားပြီး အထူးကုဆရာဝန်နဲ့ပြသင့်တယ်လို့ပြောသည်။ ခုခင်ဗျား ခေါင်းကိုက်
ရင်ဘာဆေးတွေသောက်လဲလို့မေးတော့ ဆေးဆိုင်ကညွှန်းတဲ့အောက်ဆီပက်
သောက်တယ်။တစ်နေ့ဘယ်နှစ်ကြိမ်လောက်သောက်သလဲလို့မေးတော့ ခေါင်း
ကိုက်တိုင်းသောက်တာပဲ၊ အကြိမ်ရယ်ဘာရယ်တော့မဟုတ်ဘူး။ တစ်ချို့နေ့တွေ
ဆို လေးကြိမ်လောက်သောက်ဖြစ်တယ်လို့ပြောသည်။ သောက်တာကလည်းငါး
နှစ်လောက်ရှိပြီဆိုတော့ ခင်ဗျားအစာအိမ်လည်း မကောင်းလောက်တော့ဘူး။
ကျွန်တော်လည်းတတ်နိုင်သလောက်ငွေလှူခဲ့မယ်။ ကျန်တာကိုတော့ခင်ဗျားရှာ
သွားဗျာလို့ဆရာကပြောသည်။ အထူးကုသမားတော်ကြီးနဲ့သွားပြပါလို့လည်း
ပြောခဲ့သည်။ ကျွန်တော်လည်းနောက်ထပ်မရောက်ဖြစ်တာနဲ့ သူ့အကြောင်းကို
မကြားတော့ပါ။
ကိုအေးတို့မိသားစုလည်း ဈေးထဲကဆေးဆိုင်ကြီးနဲ့အလုပ်ဖြစ်နေသည်။
ခုတော့ကိုအေး ဆုံးပြီလို့သိရသည်။ ဘာရောဂါနဲ့ဆုံးတာလဲ။ ကွက်သစ်ထဲသွား
စပ်စုလိုက်တော့ မူးတယ်မူးတယ်ဆိုလို့ သူ့ဇနီးကဈေးက၀ယ်လာတဲ့ဆေးတွဲ
လေးကျန်တာကိုတိုက်လိုက်တယ်ပြောသည်။ သိပ်မကြာလိုက်ပါ။ ကိုအေးတစ်
ယောက်သတိလစ်သွားသည်။ ဒါနဲ့ဆရာမလေးကိုပြေးခေါ်လိုက်သည်။ဆရာမ
လေးအိမ်ရောက်ပြီး သွေးပေါင်ချိန်ကြည့်တော့သွေးပေါင်ထိုးကျသွားတာလို့ပြော
သည်။ ဆေးရုံပို့ခိုင်းသည်။ ဆေးရုံပို့ဖို့ပြင်နေတုန်း ကိုအေးအသက်ထွက်သွား
သည်။ လောကကြီးကနေ ကိုအေးတစ်ယောက်ဘုမသိဘမသိထွက်ခွာသွားလေ
ပြီ။ သွေးပေါင်ကျလို့ခေါင်းမူးတာကိုသွေးပေါင်ကျဆေးထပ်တိုက်လိုက်တော့
ကိုအေးအသက်ပါပေးလိုက်ရသည်။
ကျွန်တော်တို့နိုင်ငံမှာ ကျန်းမာရေးအတွက်အသိပညာတွေပေးဖို့၊ ဆင်းရဲ
နွမ်းပါးသူတွေကိုကူညီစောင့်ရှောက်ဖို့တွေအများကြီးလိုအပ်နေပါသေးသည်။ နိုင်
ငံတော်ကလည်းကျန်းမာရေးကဏ္ဍအသုံးပြုရန် အသုံးစရိတ်များလည်းတိုးမြှင့်ချ
ထားပေးသည်ဟုသိရသည်။အရပ်ဖက်လူမှုအဖွဲ့အစည်းများကလည်း ကူညီ
ဆောင်ရွက်ပေးနေသည်။ တပ်မတော်ကလည်းနယ်လှည့်ဆေးကုသရေးတွေလုပ်
နေတာကို TV သတင်းများ၊ သတင်းစာများ နှင့်ဂျာနယ်များတွင် မြင်ရတွေ့ရလို့
ဂုဏ်ယူမိပါသည်။ မနုသတ္တဘာဝေါ ဒုလ္လဘော ရခဲလှသည့်လူ့အသက်ပေါင်းများ
စွာအားကယ်တင်နိုင်မည့်အရေးမျှော်တွေးရင်း-------------------
Sunday, July 7, 2013
ထွေးညို
ဘုန်းတော်ကြီးကျောင်းက အုန်းမောင်းခေါက်သံကြားလိုက်ရသည်။ ကျွန်တော့်
အိမ်နားမှာ ဘုန်းတော်ကြီးကျောင်းက (၇)ကျောင်းရှိသည်။ ပရဟိတကလေးများ
ရှိသောဘုန်းတော်ကြီးကျောင်းတစ်ကျောင်းသာ အစဉ်အလာမပျက်အုန်းမောင်း
ခေါက်သည်။ ညကမိုးတော်တော်ရွာခဲ့သည်။အုန်းမောင်းခေါက်သည့်တိုင်အောင်
မိုးကတစ်ဖျောက်ဖျောက်လုပ်နေသည်။ သွပ်မိုးပေါ်ကျသည့်မိုးသံကိုကျော်ကာ
အုန်းမောင်းခေါက်သံက ပြန့်လွင့်လာသည်။ မနက်လေးနာရီထိုးပြီဆိုတာသိ
လိုက်ရသည်။ အုန်းမောင်းသံတိတ်ပြီး မကြာလိုက်ပါ။ လူတစ်ယောက်လေအန်
သံကြားလိုက်ရသည်။ တဝေါ့ဝေါ့ဖြင့်ကြားလိုက်ရသော လေအန်သံသည်တစ်ဖြေး
ဖြေးနီးလာသည်။ အိမ်ရှေ့အိမ်ကခွေးဟောင်သံကြားလိုက်ရသည်။လေအန်နေ
သည့်ကြားက ခွေးကိုခဲနှင့်ပေါက်ပြီးတက်ခေါက်လိုက်သံကြားရသည်။ ခွေးကအ
ဟောင်ရပ်မသွားပါ။
သိလိုက်ပါပြီ။ မောင်အောင်တစ်ယောက်အရက်ဆိုင်ကိုသွားတော့မည်။
ထိုအချိန်မြို့အထွက်ရှိ ဘုန်းတော်ကြီးစာသင်တိုက်မှနိဗ္ဗာန်ဆော်၏အသံကိုကြား
လိုက်ရသည်။ အိမ်ဘေးအိမ်က အဖွားဆွမ်းချက်ဖို့ထသည့်အသံကိုလည်း သဲ့သဲ့
ကြားနေရသည်။ ကျွန်တော်တို့မြို့ကလေးကချစ်စရာကောင်းသည်။ စာသင်
တိုက်သုံးခုရှိသည်။ မြို့အထွက်ရှိစာသင်တိုက်ကစာသင်သားသံဃာများမှာမြို့
ကိုအပိုင်းလိုက်ခွဲပြီး ဆွမ်းခံကြွကြသည်။ အဲဒါကိုဆွမ်းချက်လောင်းရန်အချိန်မီ
ပြင်ဆင်ရသည်။ ယနေ့ကျွန်တော်တို့အပိုင်းအလှည့်ဖြစ်သည်။ ကျွန်တော့်အမျိုး
သမီးလည်း ဆွမ်းချက်ရန်အိပ်ယာထဲကထွက်သွားသည်။
ဆိုက္ကားသံ၊ လူသံ၊ စက်ဘီးသံများလည်း အဆက်မပြတ်ကြားလာရသည်။
ကျွန်တော်တို့မြို့ကလေးက ဧရာဝတီမြစ်အနောက်ဘက်ကမ်းမှာရှိသည်။ မီးရ
ထားဘူတာလည်းရှိသည်။ ရန်ကုန်သို့သွားသောကားဂိတ်လည်းရှိသည်။ ရွာများ
မှမနက်စောစောဈေးသို့လာ၍ဖောက်သည်ပို့ကြသော အုန်းသီး၊ ငှက်ပျောသီး၊
မုန့်ဟင်းခါး စသည့်စက်ဘီးသမားများ၊ ရွက်လာထမ်းလာသူများ စုံလို့ပါ။ မြို့က
တစ်နေ့တာအတွက်စပြီးလှုပ်ရှားနေကြပြီ။ အဲဒီအထဲမှာ ကျွန်တော့်သူငယ်ချင်း
မောင်အောင်တစ်ယောက်လည်းအပါအ၀င်ဖြစ်သည်။
ကွက်သစ်ထဲမှာ ဒေါ်ရှမ်းမဆိုသော သားနှစ်ယောက်အမေမုဆိုးမ၏ အ
ရက်ဆိုင်ရှိသည်။ အရက်ဆိုင်ဆိုလို့ စားပွဲဝိုင်းနှင့် ထိုင်ခုံများ စီရီကာချထားပြီး
ကျကျနနလုပ်ထားသောဆိုင်မဟုတ်ပါ။ မြေကြီးပေါ်မှာ ၀ါးငုတ်ကိုစိုက် အပေါ်
တွင် ၀ါးကြမ်းကိုခင်းထားသောစားပွဲနှင့် အလားတူဝါးကွပ်ပျစ်ထိုင်ခုံတို့ဖြင့်အလှ
ဆင်ထားသည်။ဒေါ်ရှမ်းမက အသက်ငါးဆယ်ကျော်ပြီ။ သားအကြီးကောင်က
အသက်သုံးဆယ်နားကပ်နေပြီ။ အငယ်ကောင်က ၂၄နှစ်သားပါ။ ခုခေတ်အခေါ်
လူပျိုကြီးစာရင်းများဝင်နေပြီ။အတန်းပညာကို သားနှစ်ယောက်စလုံးအထက်တန်း
အဆင့်ထိသင်ဖူးကြသည်။ အမေကအရက်ရောင်းသော်လည်းသားနှစ်ယောက်စ
လုံးအရက်မသောက်တတ်ပါ။ အရက်ဆိုင်ဆိုလို့ CS2A တို့ နိုင်ငံခြားအရက်တို့
ရောင်းသည့်ဆိုင်မဟုတ်ပါ။ ချက်အရက်ရောင်းသည့်ဆိုင်ဖြစ်သည်။ ကျွန်တော်
တို့မြို့အနီးအနားက ရွာတွေမှာဆန်ကွဲဖြင့်တောအရက်ကိုချက်အရက်ကိုချက်ကြ
သည်။ အလှူမင်္ဂလာဆောင်များဆိုလျှင်ချက်အရက်ပါမှအလုပ်ဖြစ်သည်။ မဏ္ဍပ်
ထိုးသည့်နေ့မှစကာ ပွဲပြီးသည်အထိ ချက်အရက်ကမင်းသားနေရာကပါသည်။
ကျန်သည့်အချိန်များတွင်မြို့ရှိဒေါ်ရှမ်းမတို့လိုအရက်ပုန်းဆိုင်များကိုပလတ်စ
တစ်ပုန်းများဖြင့်ပို့ကြသည်။ အဲဒီဆန်ကွဲနှင့်ချက်သည့် ချက်အရက်ကို သောက်
သည့်သူများက နာမည်ပေးထားသည်။´ ထွေးညို` တဲ့။
ထွေးညိုအကြောင်းနည်းနည်းရှင်းပြချင်သည်။ အဆိုတော်တွံတေးသိန်းတန်
၏ သီချင်းစာသားထဲက တောကထွေးညိုကို အစွဲပြုပြီး တောကချက်သောအရက်
ဖြစ်သောကြောင့် ထွေးညိုလို့သမုတ်ကြခြင်းဖြစ်သည်။
ချက်အရက်သမားများက ထွေးညိုကိုချစ်၏။ မြတ်နိုး၏။ တွယ်တာ၏။ အိမ်
ကဇနီးမယားထက်ထွေးညိုကိုပိုချစ်ကြသည်။ သူတို့ပြောနေကြစကားရှိသည်။
ထွေးညိုက သစ္စာရှိ၏။ သောက်ရင်မူး၏။ ထွေးညိုက တစ်ဗူးလောက်သော်လိုက်
ရမှ နေသာထိုင်သာရှိသွားသည်။ အိမ်ကဇနီးမယားကတော့တွေ့တာနှင့်အငေါ့
တူး၏။ အမြဲတမ်းဆူပူနေတတ်၏။တစ်ဗူးဆိုသည်က ကျွဲရိုင်းဗူးကိုထိပ်ဖွင့်ပြီးထည့်
ထားသော ချက်အရက်ဖြစ်သည်။ တစ်ဗူးကို ငွေတစ်ရာကျပ်ပေးရသည်။ နှစ်ဗူး
ဆိုပါက တစ်ပုလင်းနှင့်ညီသည်။
ဒေါ်ရှမ်းက သံချေးတက်နေသောကျွဲရိုင်းဗူးခွံများထဲသို့ ထွေးညိုကိုချဉ်ပြီး
ထည့်နေသည်။ ပြီးတော့ ဒါကမောင်အောင့်အတွက်၊ ဒါကဘယ်သူ့အတွက်စ
သည်ဖြင့် နံနက်မိုးမလင်းခင်အမြဲတမ်းဖောက်သည် သမားများအတွက်တန်းစီပြီး
ချထားပေးသည်။ မောင်အောင်ရောက်ရောက်ချင်း သူ့အတွက်ထည့်ထားသော
ထွေးညိုက အငမ်းမရသောက်ချလိုက်သည်။ လမ်းတွင်တောက်လျှောက်လေအန်
လာသော မောင်အောင်တစ်ယောက် လေများအားလုံးကျသွားသည်။ နေသာ
ထိုင်သာရှိသွားသည်။ပြီးတော့မှ မိုးတွင်းဈေးပေါပေါရတတ်သည့် ရှောက်သီးစိတ်
ကိုဆားခွက်ထဲရှိဆားနှင့်တို့ကာ မြည်းလိုက်သည်။ နောက်တစ်ဗူးကိုဇိမ်ခံ၍တစ်
ဖြေးဖြေးချင်း မော့ချလိုက်သည်။ မိုးစင်စင်လင်းသွားပြီ။
တက်ကြွလန်းဆန်းသောခြေလှမ်းများဖြင့် မောင်အောင်တစ်ယောက် ကျွန်
တော့်အိမ်ရှေ့ကဖြတ်ကာပြန်သွားတာကိုတွေ့လိုက်ရသည်။ အရည်သောက်ပြီး
ကာမှအစားစား၍ရသော ချက်အရက်သမားများ၏ဘ၀ကား မိန်းမအကြော်ဖိုက
အကြော်တစ်ချပ်ကိုထမင်းကြမ်းခဲနှင့်ဆားအနည်းငယ်ဖြူးက စားလိုက်သည်။ အ
ကြော်တစ်ချပ်ကုန်လို့နောက်တစ်ချပ်ထပ်ယူမည်အလုပ် မောင်အောင့်မိန်းမ မိနီ
အကြော်ဆယ်နေရင်း အားနေသောလက်တစ်ဖက်ဖြင့်လှမ်းရိုက်လိုက်သည်။
တော်ပါတော့ငအောင်ရယ်။ မနက်ကလေးကျောင်းသွားရင်တမင်းထုပ်အ
တွက်ကြက်ဥ၀ယ်ဖို့ဖျာအောက်မှာထိုးထားတဲ့ပိုက်ဆံနှစ်ရာ နင်ယူသွားတယ်မ
လား။ အဲဒီအရည်ပဲသောက်နေ၊အိမ်ကမိန်းမနဲ့ကလေးကဘယ်လိုဖြစ်နေလဲ
ပြန်ကြည့်ပါဦး၊ နေ့ပြန်တိုးကလည်း နေ့တိုင်းပေးနေရတယ်။ ခုရက်ထဲအကြော်
ကလည်းရောင်းမကောင်းဘူး။ ဆီဈေးကလည်းတက်လိုက်တာမှခေါင်ခိုက်ရော၊
နင်လုပ်ပုံနဲ့တော့သေသာသေလိုက်ချင်တော့တယ်ဟယ်။ မောင်အောင် သူ၏
မယားမိနီကို တွေတွေကြီးကြည့်ပြီး ထထွက်သွားသည်။ ဘာစကားတစ်ခွန်းမှ
မပြောပါ။ မိနီပြောတာတွေက အားလုံးမှန်နေသည်မလား။
မောင်အောင်သည်ကျွန်တော့်နှစ်အိမ်ကျော်က ရုံးစာရေးကြီးဦးရီ၏သား
လေးယောက်ထဲက ဒုတိယသားဖြစ်သည်။ ကျွန်တော်နှင့် အတန်းအတူတူတက်
ဖူးသည်။ ဆယ်တန်းကိုနှစ်ခါကျပြီး ကျောင်းဆက်မတက်ဖြစ်တော့ပါ။ အဲဒါနှင့်
တစ်ခြားမြို့ကပြောင်းလာသော ပန်းတိမ်ဆရာက ကျွန်တော်တို့ရပ်ကွက်ထဲကို
ရောက်လာသည်။ ပန်းတိမ်ဆရာမှာသားသုံးယောက်ရှိသည်။ မောင်အောင်နှင့်
အငယ်ကောင်က အသက်ရွယ်တူပါ။ သားသုံးယောက်စလုံးပန်းတိမ်ပညာတတ်
သည်။ ဆယ်တန်းနှစ်ခါကျပြီးအပြင်ရောက်နေသောမောင်အောင်တစ်ယောက်
ပန်းတိမ်ပညာသင်ဖြစ်သည်။ နှစ်နှစ်လောက်ကြာတော့မောင်အောင်ပန်းတိမ်အ
နည်းငယ်တတ်သွားသည်။ အထည်လေးတွေစလုပ်ရပြီ။ ၀င်ငွေလည်းရလာသည်။
သူ့အိမ်ရှေ့မျက်စောင်းထိုးက မိနီနှင့်ကြိုက်သည်။ ခိုးပြေးသည်။ အလုပ်ကလေး
ကလည်းတော်တော်ကောင်းလာသည်။ ပန်းတိမ်လုပ်ရတာကိုပင်ပန်းသည်ဟုအ
ကြောင်းပြကာပထမတော့ အနီ(၀ီစကီ) နှစ်ပက်လောက်ကိုအမည်းကောင်း
ကောင်းနှင့်စသောက်ဖြစ်သည်။ တစ်ဖြည်းဖြည်း သောက်သက်ရင့်လာတော့ပက်
ရေကတက်လာသည်။ ၀င်ငွေကနည်းလာ ပက်ရေကတက်လာတော့ မြန်မာရမ်
ကိုသောက်သေးသည်။ နောက်တော့မတတ်နိုင်တော့ (ထွေးညို) နှင့်နှစ်ပါးသွား
ရတော့သည်။
မသောက်ရမနေနိုင်တော့ပါ။နံနက်စောစောထ သောက်၊ နေ့လည်ထ
မင်းစားကာနီးတစ်ကြိမ်နှင့် ညပိုင်းမအိပ်ခင်အထိဒေါ်ရှမ်းကဆိုင်က မပြန်တော့ပါ။
မိနီကကိုယ်ဝန်ရှိပြီး သားတစ်ယောက်မွေးသည်။ မွေးလာသည့်ကလေးကစနေ
သားဖြစ်နေသည်။ ရပ်ဓလေ့ ရွာဓလေ့ သားဦးယောကျာင်္းလေး စနေသားဖြစ်သည့်
အတွက် အဖေလုပ်သူကဓားထမ်းကျော်ရသည်။ မောင်အောင်တစ်ယောက်မူးမူး
နှင့်ကလေးကို ဓားထမ်းကျော်လိုက်ရသေးသည်။ ဘာမှန်းတော့မောင်အောင်မသိ။
မောင်အောင်လည်းထွေးညို၏နှိပ်စက်မှုဒဏ်ရာဒဏ်ချက်များကြောင့်ပန်း
တိမ်အလုပ်လည်းမလုပ်နိုင်တော့ပါ။ မိနီကအိမ်စားရိတ်အတွက်အကြော်ကြော်
ရသည်။ အကြော်ရောင်းရသည့်ငွေထဲက မိနီသိတာတစ်လှည့်မသိတာတစ်လှည့်
ဖြင့်ယူက မောင်အောင်တစ်ယောက်ထွေးညိုကိုဂါရ၀သွားပြုရသည်။ထွေးညိုက
တော့မောင်အောင့်ကိုကောင်းကောင်းပညာပေးနေပြီ။ မောင်အောင်တဖြည်းဖြည်း
ပိန်လှီလာသည်။ ခန္ဓာကိုယ်ကသာပိန်တာ မျက်နှာကတော့ ဖောရောင်နေသည်။
လမ်းမှာတွေ့သောသူငယ်ချင်းများထံမှာငွေတောင်းတတ်လာသည်။ ပထမတော့
ကျွန်တော်အပါအ၀င်သူငယ်ချင်းများကပေးသေးသည်။ နောက်ပိုင်းပေးရဖန်များ
လာတော့ မောင်အောင်ကိုတွေ့လျှင်အားလုံးကဝေးဝေးရှောင်သည်။ပိုက်ဆံမရှိ
သည့်နေ့ ဒေါ်ရှမ်းမဆိုင်တွင်လာသောက်သူများထံမှတောင်းသောက်သည်။
နောက်ဆုံး ဒေါ်ရှမ်းမ၏ အိမ်အလုပ်များကိုဝိုင်းလုပ်ကာ အရက်ကိုအနည်းငယ်
တောင်းသောက်ရသည်။ ဒီလိုနဲ့ပဲဒေါ်ရှမ်းမဆိုင်က မောင်အောင်မပြန်ဖြစ်တော့
ပါ။
မိုးလေ၀သကင်းသောနေ့တစ်နေ့၊ဒေါ်ရှမ်းမရဲ့သားအကြီးကောင် မိနီအ
ကြော်ဆိုင်သို့ ပြေးလာသည်။မိနီရေ ၊ မိနီရေလို့ခေါ်ပြီး မောင်အောင်တစ်
ယောက် ညကဆိုင်ထဲမှာသတိလစ်သွားတယ်၊ ခုမနက်တော့ပြန်သတိရလာပြီး
ကွပ်ပျစ်ပေါ်ကမှာ မထနိုင်တော့ဘူး။ လိုက်ကြည့်ပါဦး။ မိနီကလည်း ဒေါ်ရှမ်းမ
ဆိုင်သို့အမောတကောပြေးလာသည်။ ဒေါ်ရှမ်းမတို့ဆိုင်ရောက်တော့ မောင်
အောင့်ကိုတွေ့လိုက်ရသည်။ လမ်းဆုံက ဆိုက္ကားတစ်စီးကိုခေါ်ကာမိနီအိမ်သို့
မောင်အောင်ကိုပြန်ခေါ်လာသည်။
မောင်အောင်တစ်ယောက်အသက်ကိုမျှင်းပြီးရှုနေရသည်။ အရပ်ထဲက
ဆေးမှုးအားအိမ်ကိုပင့်လိုက်ရသည်။ ဆေးမှူးကမရတော့ဘူးလို့မိနီကိုပြောသွား
သည်။ မိနီမျက်ရည်ကျရပြီ။ သားလေးကတော့ဘာမှမသိရှာပါ။ အိမ်ရှေ့တွင်က
စားနေသည်။ မိနီ မောင်အောင့်အနား ကပ်သွားသည်။ မောင်အောင့်နုတ်ခမ်းနား
ကပ်ပြီး နားထောင်လိုက်သည်။ ပထမတော့ဘာမှန်းသဘောမပေါက်။ နောက်မှ
ထွေးညိုလို့ပြောတာကိုမိနီနားလည်လိုက်သည်။ မိနီဒေါ်ရှမ်းဆိုင်ကထွေးညိုတစ်
ဗူးကိုလူလွှတ်ပြီး ၀ယ်ခိုင်းလိုက်ရသည်။ ၀ယ်ပြီးပြန်လာတော့ ရေနွေးထည့်သည့်
ဖန်ခွက်ကလေးနှင့်ထည့်ပြီး မောင်အောင့်ကိုတိုက်သည်။မသောက်နိုင်တော့ပါ။
အဲဒါနဲ့ ဆေးမှူးဆီက ဂလူးကိုစ့်သွင်းသည့်ပိုက်အသစ်သွားတောင်းလိုက်သည်။
ပုလင်းထဲကို ထွေးညိုအားထည့်ပြီး ပိုက်အားမောင်အောင့်နုတ်ခမ်းဝတွင်တေ့ပေး
လိုက်ရသည်။ မောင်အောင်ဖြေးဖြေးချင်းမြိုချနေသည်။ သိပ်မကြာလိုက်ပါ မောင်
အောင်မေးငေါ့ပြီး အသက်ထွက်သွားသည်။ မောင်အောင်မေးငေါ့ပြီးနုတ်ဆက်
လိုက်တာက ထွေးညိုကိုလား ၊ မိနီကိုလား။

Subscribe to:
Comments (Atom)