ချိုလေးဇွန်

Saturday, October 12, 2013

ရင်နှင့်အမျှခံစားခဲ့ရတာကိုပြန်လည်မျှဝေခံစားခြင်း


ဘာသာတရားအားလုံးတွင် မိဘအားအလေးထားဦးစားပေးပြီး ရိုသေကိုင်းရှိုင်းရန်ဆုံးမထားကြပါသည်။ မည်သည့်ဘာ
သာကို ကိုးကွယ်သည်ဖြစ်စေအားလုံးသောလူသားများမှာမိဘကိုအလေးအမြတ်ထားရမည်ဟုဆိုထားကြပါသည်။  လောကကြီးကို
ရောက်လာတာသည်မိဘများ၏ကျေးဇူးတရားကြောင့်ဖြစ်သည်။ မိဘများက   သားသမီးများကိုပြုစုစောင့်ရှောက်လိုစိတ်တို့ဖြင့်မေ
တ္တာတရားကိုရှေ့ထားကာလူ့လောကကြီးထဲသို့ဆောင်ကျဉ်းပေးခဲ့ခြင်းဖြစ်ပါသည်။
              သားသမီးများကို မမွေးဖွားခင်ကတည်းက အမေသည်ကိုးလလွယ် ဆယ်လမွေးဖြင့် သားသမီးများကိုကမ္ဘာလောကကြီး
ထဲသို့ရောက်လာအောင်ထိန်းသိမ်းခဲ့ရပါသည်။ ကိုယ်ဝန်ဆောင်နေစဉ်အချိန်မှာလည်း အနေအထိုင် ၊ အစားအသောက်ဆင်ချဉ်ကာ
မိမိရင်သွေးလေးကိုတယုတယစောင့်ရှောက်ကြရပါသည်။ မွေးဖွားလာသောအခါတွင်လည်းမိခင်က နို့ချိုတိုက်ကျွေးကာ ဖခင်က
တစ်ဖက်တစ်လမ်းကစောင့်ရှောက်ရင်း သားသမီးများကို လူတစ်လုံးသူတစ်လုံးဖြစ်အောင်ပြုစုစောင့်ရှောက်ခဲ့ကြပါသည်။ ပြောပြနေ
လျှင် မိဘ၏ကျေးဇူးများကကုန်ခမ်းနိုင်မည်မထင်ပါ။
          စာရေးသူဖတ်ခဲ့ဘူးသော ရင်ဘတ်ကိုထိမှန်ခဲ့ရသောစာစုလေးများကို ပြန်ပြီးမျှဝေချင်ပါသည်။ ဒီစာစုလေးတွေကိုဖတ်ပြီးစာ
ဖတ်သူလည်းမိဘကိုတစ်သက်လုံးစိတ်ချမ်းသာအောင်ထားစေချင်သည့်ဆန္ဒကြောင့်လည်းဖြစ်ပါသည်။ စာရေးသူဖတ်ခဲ့ဘူးတဲ့အင်
တာနက်ကစာစုလေးဟာ စာရေးဆရာရဲ့စိတ်နဲ့ရေးထားတဲ့ စိတ်ကူးရင်ဇာတ်လမ်းလေးဖြစ်ပါစေလို့ ဆုတောင်းမိခဲ့တာအကြိမ်ကြိမ်
ပါ။
        တစ်ခါတုန်းက အဖိုးအိုတစ်ဦး ဟာ ရွာမှာ တစ်ယောက်တည်းအထီးကျန်ဆန်စွာနေရတယ် ။ တစ်နေ့တော့အဖိုးအိုက သူ့ သားနဲ့ သူ့ချွေးမ သူ့မြေးလေးတွေရှိတဲ့နေရာမှာ သွားနေမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ရွာကနေထွက်လာခဲ့တယ် ..။ ဒီလိုနဲ့ ခရီးရှည်ကြီးကိုဖြတ်သန်းပြီးတော့ သူ့သား ချွေးမနဲ့ မြေးကလေးတို့နေတဲ့အိမ်ကိုရောက်လာပါတယ် ။

စစရောက်ခြင်းမှာ သားဖြစ်သူတို့မိသားစုက ၀မ်းပမ်းတသာကြိုဆိုကြတယ် ။ အိမ်ဦးခန်းမှာ နေရာပေးကြတယ် ။ ဒီလိုနဲ့ အဖိုးအိုဟာ သူ့သားမိသားစုနဲ့အတူ နေထိုင်ရင်း တစ်ပတ်တိတိ အချိန်ကိုရောက်လာခဲ့တယ် ။ နေ့တိုင်းနေ့တိုင်းမှာ မိသားစုထမင်းဝိုင်းမှာ အားလုံးအတူဝိုင်းစားကြတယ်။ အဖိုးအိုရဲ့မျက်လုံးတွေဟာ မှုန်ရီနေပါပြီ ။ အဖိုးအိုရဲ့လက်တွေက အသက်အရွယ်ကြောင့် တုန်ယင်နေခဲ့တယ် ။

တခါတခါ ဇွန်းနဲ့ ခက်ရင်းတွေလွတ်ကျသလို ..တခါတခါမှာလည်း ပန်းကန်ထဲက ထမင်းတွေဟာ ဘေးနားကိုဖိတ်လို့ဖိတ်ကြမ်းပြင်ပေါ်ကျလို့ကျနဲ့ ပေပွနေခဲ့ရတယ် ။ တစ်ပတ်တိတိရှိလာတဲ့အခါ သားဖြစ်သူနဲ့ချွေးမတို့က မခံနိုင်တော့ပါဘူး ။ သူတို့တိုင်ပင်ကြတယ် ။

အဖေ့ရဲ့ ထမင်းစားတဲ့အခါ ဟိုဖိတ်ဒီဖိတ်ဒါဏ်ကိုမခံနိုင်တော့ဘူး အဖေက ထမင်းစားရင်လည်းအသံမြည်တယ် ညစ်ပတ်နေတာပဲ ကြမ်းပြင်ပေါ်မှာလဲ ပေပွနေရော ငါတို့တစ်ခုခုလုပ်ရအောင် ” လို့ မိန်းမဖြစ်သူကိုတိုင်ပင်တယ် ။ ဒီလိုနဲ့ သူတို့ဟာ အဖိုးအိုကို ထမင်းတစ်ဝိုင်းတည်းအတူစားခွင့်မပေးတော့ပဲ အခန်းထောင့်လေးမှာ စားပွဲခုံသေးသေးလေးနဲ့ ကျွေးပါတော့တယ် ။

အဖိုးအိုဟာ ကြွေပန်းကန်နဲ့စားတဲ့အခါ မှာလည်း ခဏခဏ ပန်းကန်တွေကျကွဲတဲ့အတွက် သားဖြစ်သူက သစ်သားခွက်ကလေးလုပ်ပြီး အဖိုးအိုကိုကျွေးတယ် ။ အဲဒီအချိန်ကစလို့ အဖိုးအိုဟာ တိတ်ဆိတ်စွာပဲ အခန်းထောင့်လေးက ထမင်းစားပွဲလေးမှာ စားရပါတယ် ။ တခါတခါ သားဖြစ်သူနဲ့ချွေးမဖြစ်သူရဲ့ ဒေါသတကြီးဆူပူကြိမ်းမောင်းသံတွေကိုလည်းခံရသေးတယ် ။

ဒီလိုနဲ့တစ်နေ့တော့ သူတို့သားကလေးဖြစ်သူဟာ အိမ်ရှေ့မှာ ငြိမ်ငြိမ်ကလေးထိုင်ပြီး တစ်ခုခုကို စိတ်ဝင်တစားလုပ်နေတာတွေ့လိုက်ရတယ် ။ ဒီတော့ သားဖြစ်သူဆီသွားပြီး မိဘတွေကချိုသာတဲ့စကားနဲ့မေးလိုက်တယ် ။

သား ဘာလုပ်နေတာလဲ ဟင် ”

သားဖြစ်သူက သူ့ဖခင်နဲ့မိခင်ကို ပြုံးပြီးကြည့်လိုက်တယ် ပြီးတော့ ပြောလိုက်တယ် ..။

သားလည်း အဖေ့တို့အမေတို့လိုပဲ အဖေအမေတို့ကြီးလာရင်ကျွေးဖို့ သစ်သားခွက်ကလေးလုပ်နေတာပါ ”

အဲဒီလိုပြောပြီး သားဖြစ်သူက သူ့အလုပ်သူဆက်လုပ်နေခဲ့တယ် ။မိဘတွေဟာ သားဖြစ်သူစကားကိုကြားပြီးအလွန်ပဲထိတ်လန့်တုန်လှုပ်သွားခဲ့ရတယ် ။ သူတို့ ဘာစကားတစ်ခွန်းမှ မပြောနိုင်ဘူး တုန်လှုပ်ခြောက်ခြားသွားပြီး ပါးပြင်ပေါ်ကနေ မျက်ရည်တွေ စီးကျလာခဲ့ရတယ် ။ သူတို့အမှားကို သူတို့ ထင်းကနဲ မြင်သွားခဲ့ရတယ် ။ အိမ်ထဲကိုလှမ်းကြည့်လိုက်တော့အဖိုးအိုက တိတ်ဆိတ်စွာ သူတို့ကို ငေးနေတာတွေ့လိုက်ရပါတော့တယ် ။

သင်လည်းတစ်နေ့ အဖိုးအိုဖြစ်လာမှာပါပဲ ။ မိဘတွေကို ချစ်ခင်ကြင်နာယုယပြီးကိုယ့်မျိုးဆက်တွေအတွက် မေတ္တာတရားကိုပြသပါ ။ ကလေးတွေဟာ သင်တို့အပြုအမှုတွေကို မြင်တယ် .. ကြားတယ် ..လိုက်မှတ်သားတယ် ..။ သင်တို့ပြုသမျှဟာ သင်တို့ထံပြန်လာပါလိမ့်မယ် ။

တစ်နေ့နေ့မှာ ကိုယ်ဟာ သားတစ်ယောက် ပြီးတော့ဖခင်တစ်ယောက်ပြီးတော့အဖိုးအိုတစ်ယောက်ဖြစ်လာဦးမှာပါပဲ ။ မသေခင်လေး ကျွေးရတဲ့ မိဘအတွက် ထမင်းဟာ သူတို့မြိုချလိုက်တိုင်း မနင် ..ပါစေနဲ့ ။ လျောလျောရှူရှုဝင်ပါစေ ..။

           ဒါစာစုလေးကိုစာရေးသူဖတ်လိုက်ရတယ်။ သက်တန့်ချိုကရေးထားတာပါ။ စာရေးသူနောက်ဖတ်မိတဲ့အကြောင်းအရာ
လေးကတော့ အင်ဒိုနီးရှားနိုင်ငံရဲ့ကျွန်းစုတွေမှာရှိတဲ့လူများတွေဟာသူတို့မိဘတွေအသက်ရှစ်ဆယ်ကျော်သွားရင်ဘယ်သူမှမ
ရောက်နိုင်တဲ့တောထဲကိုသွားပြီး ခုနှစ်ရက်စာအစားအစာနဲ့ရေတို့ကိုထားပြီးသွားခဲ့ကြတယ်။ အစားအစာကုန်သွားပြီးဘယ်လို
မှအစားအစာရှာမရဘဲ အစာရေစာငတ်ပြီးသေကြရတယ်။ ဒါတွေတကယ်ဖြစ်ခဲ့တာပါ။ ဒီလိုမျိုးစာစုတွေကိုဖတ်ပြီးရင်စာရေးသူ
ရင်ဘတ်ထဲမှာအောင့်ပြီးကျန်ခဲ့ပါတယ်။
နောက်စာရေးသူရဲ့သူငယ်ချင်းတစ်ယောက်စကာင်္ပူမှာသူနာပြုအလုပ်သွားလုပ်တယ်ဆိုလို့ဘယ်ဆေးရုံမှာလုပ်တာလဲလို့စာရေးသူမေးဖြစ်တယ်။ သူကစကာင်္ပူဆေးရုံတစ်ခုမှာလုပ်တာမဟုတ်ပါဘူး။ လူကြီးတွေကိုပြုစုစောင့်ရှောက်ရတဲ့အလုပ်တဲ့။ စာရေးသူလည်းစိတ်ဝင်စားသွားမိသည်။ သူကဆက်ပြောသည်။ စကာင်္ပူမှာကအားလုံးကအလုပ်ထဲကိုရောက်နေကြတယ်။ မိဘတွေကိုအိမ်မှာထားပြီးပြုစုစောင့်ရှောက်ချိန်မရကြဘူး။ အသက်ကြီးလာလို့ဘာမှမလုပ်နိုင်တာနဲ့ သူတို့ဆေးရုံ(လူအိုများစုစည်းရာဋ္ဌာန) ကိုပို့လိုက်ကြတယ်တဲ့။
    စာရေးသူဖတ်ခဲ့ရသိခဲ့ရ ကြားခဲ့ရတဲ့အရာတွေမှာမိဘတွေကိုခုလိုမျိုးဆက်ဆံကြတာတွေကိုတွေ့ခဲ့ရပါတယ်။ စာရေးသူလည်းရင်ဘတ်တစ်ခုလုံးကွဲကြေခံစားရပါတယ်။ စာဖတ်သူတို့အားလုံးလည်း ခုလိုမဖြစ်အောင်မိဘကိုကြင်နာတဲ့စိတ်ထား မိမိကိုငယ်စဉ်အခါကစောင့်ရှောက်ပြုစုခဲ့တာတွေကိုပြန်စဉ်းစားရင်း စိတ်ထဲမှာအလိုမကျတာရှိရင်တောင် ငယ်ငယ်ကမိခင်ရင်ခွင်မှာ နို့ဆို့ခဲ့တုန်းကမိခင်ကိုခြေထောက်နဲ့ကန်ခဲ့တာတွေ၊ နို့ကိုသွားပေါက်ခါစကိုက်မိခဲ့တာတွေ၊ ဖခင်ကကျောပိုးပြီးပြေးဆော့ပေးခဲ့တာ တွေကို ပြန်စဉ်းစားရင်း မိဘများကိုသေတစ်ပန်သက်တစ်ဆုံးပြုစုစောင့်ရှောက်ပေးကြပါလို့တိုက်တွန်းရေးသားလိုက်ရပါသည်။

နေ၀င်းဇော်(မြန်အောင်)

No comments:

Post a Comment