ချိုလေးဇွန်

Tuesday, October 29, 2013

သူ့အရပ်နှင့်သူ့ဇာတ်


         ဒီရွာလေးကိုမရောက်ဖြစ်တာတော်တော်ကြာပါနေပါပြီ။ စာရေးသူလည်းအလုပ်မ အားတာကတစ်ကြောင်း၊         ရွာကိုလည်းသွားစရာကိစ္စမပေါ်တာကတစ်ကြောင်းတို့ ကြောင့်လည်းဖြစ်သည်။ စာရေးသူကမြို့မှာနေတာဆိုပေမဲ့ရွာဖက်ကလူတွေတော်တော် များများနှင့်ရင်းနှီးသည်။  လုပ်တဲ့အလုပ်ကလည်း စပါးပွဲစားလုပ်တာဖြစ်သည်။ ကျန်းမာ ရေးမကောင်းလို့    အလုပ်ကိုတစ်နှစ်လောက်နားလိုက်ရသည်။ ဖြစ်တဲ့ရောဂါကဂေါက် ရောဂါဆိုလားဆရာဝန်ကြီးကတော့ပြောပြပါသည်။  ဖြစ်တာက ခြေထောက်အဆစ်တွေ ရောင်၊ ဒူးခေါင်းတွေရောင်ပြီး မသွားနိုင်မလာနိုင်ဖြစ်တာပါ။   မရိုသေစကား နောက်ဖေး သွားတာတောင် မျက်ရည်ကျတယ်။ အဲလောက်ဆိုးတဲ့ရောဂါပါ။
        ရောဂါဖြစ်တဲ့အချိန်က ဆောင်းတွင်းဖက်အေးရင်ပိုဖြစ်တယ်။ ရောဂါဖြစ်ချိန်ဆိုရင် စာရေးသူ တုတ်ကောက်တစ်လက်ဖြင့်သွားနေရသည်။   ခြေထောက်အကွေးအဆန့်ကို တောင်စုပ်သတ်ရသည်။ ပွဲစားဆိုတော့ ဆိုင်ကယ်စီးပြီးသွားရသည်။    စပါးပိုင်ရှင်လယ် သမားက ရောင်းမည်ဆိုရင် ချက်ချင်းသွားမှ    နည်းနည်းနောက်ကျတာနှင့်ပွဲစားတွေက ခြေချင်းလိမ်နေသည်။ တစ်ခါတစ်လေ ချေးများပြီး   မ၀ယ်ဖြစ်ခဲ့သောစပါးကို တစ်ခြားပွဲ စားတစ်ယောက်က ဈေးကောင်းပေးပြီးဝယ်သွားတာလည်းရှိသည်။   လမ်းတောင်တုတ် ကောက်နှင့်လျှောက်နေရတော့ဘယ်လိုလုပ်ပြီး စပါးဝယ်လို့ရတော့မှာလဲ။    ဒါနဲ့စပါးပွဲ စားအလုပ်ကိုမလုပ်ဖြစ်ပဲ ဆန်အိတ်လေးဝယ်ပြီး     ရပ်ကွက်ထဲမှာနို့ဆီဗူး တစ်လုံးစနှစ် လုံးဝယ်စားတဲ့လူတွေကို ခေါက်ပြန်ပေးစနစ်နဲ့ရောင်းပေးရသည်။  စာရေးသူကပွဲစားဆို တော့ ဆန်စက်ပိုင်ရှင်တွေဆီက အကြွေးယူကာ အရပ်ထဲမှာ   ကုန်စုံဆိုင်လေးဖွင့်ပြီး အ ဆင်ပြေအောင်နေရသည်။  မိသားစုကလည်းနည်းနည်းများတော့ကသီလင်တတော့နဲနဲ နိုင်တာပေါ့။ ဒါပေမဲ့အဆင်ပြေပါသည်။
          စာရေးသူတို့နေတဲ့ရပ်ကွက်ထဲမှာချမ်းသာတဲ့သူဆိုလို့ လက်ချိုးရေတွက်လို့ရ သည်။ စာရေးသူရဲ့ကုန်စုံဆိုင်လေးမှာ မြန်မာ့တိုင်းရင်းဆေး၊ နိုင်ငံခြားဆေးအနည်းငယ် ကိုလည်း ရောင်းချသေးသည်။    တိုင်းရင်းဆေးများကတော့ အပူငြိမ်းဆေး၊ လျက်ဆား၊ အစာကြေလေနိုင်ဆေး စသည့်အရပ်ထဲကလူများကြိုက်နှစ်သက်သည့် အသုံးများသည့် တံဆိပ်ဆေးများကို ဆိုင်ပေါ်တွင်တင်ပြီးရောင်းချရသည်။   အကြွေအမ်းစရာမရှိပါကအ ဆင်ပြေသည်။ ဆပ်ပြာမှုန့်ထုပ်၊ ကော်ဖီမစ်ထုပ်ပေးလိုက်ပါက သိပ်မကြိုက် လျက်ဆား ထုပ်လေးပေးလိုက်ရင်သဘောကျသည်။  အင်္ဂလိပ်ဆေးများကတော့ ခုခေတ်ပေါ်နေတဲ့ ဒီကိုဂျင်၊ ဘိုင်အိုဂျက်စစ်၊ အောက်ဆီပက်၊   ပါရာစီတမော၊ ဒိုင်ဂျင်း၊ အမောက်စာစလင် စသည့်ဆေးများကို နည်းနည်းစီတင်ထားရသည်။     စာရေးသူကလည်းစီးပွားရေးမပြေ လည်လို့သာရောင်းချရတာဖြစ်ပြီး  အင်္ဂလိပ်ဆေးများ၏ဆေးညွှန်းများတွင် ( Cold and Dry Place) ဆိုပြီးရေးထားတာများသည်။     ဆေးပုလင်းများဆေးကတ်များကိုရောင်းချ ရာတွင် တစ်ခါတစ်လေနေထိုးသောနေရာ ၊       ကုန်စုံနှင့်ရောရောင်းရသောနေရာတွင် လည်းမသန့်ပြန့်သောနေရာတွင်ထားရသည်များလည်းရှိသည်။         စာရေးသူစိတ်မ ကောင်းခြင်းများစွာဖြစ်ရပါသည်။
            အရပ်ထဲနေသူများနေမကောင်းလို့ဆေးကုလျှင်လည်း ဆရာဝန်ဖွင့်ထားသော ဆေးခန်းများသို့မသွားနိုင်ပါ။     အရပ်ထဲတွင်လိုက်ပြီးအိမ်တိုင်ရာရောက်လိုက်ကုသော ဆရာ၊ ဆရာမတွေနှင့်ကုသနေရသည်။ သူတို့နှင့်ကုသပါက ဆရာဝန်ဆေးခန်းလောက် ငွေမပေးရသည့်အပြင် အကြွေးထားလို့လည်းရသည်။ ဆရာ၊  ဆရာမဆိုသည်မှာ သား ဖွားဆရာမ၊ ကျောက်ဆေးထိုးဆရာ ၊ သူနာပြုဆရာမ စသည်တို့ဖြစ်သည်။  ဘာပဲပြော ပြော စာရေးသူတို့အရပ်ထဲတွင်နေထိုင်သော ငွေကြေးမတတ်နိုင်သူများကတော့ ဆိုင်မှ ဆေးများကိုဝယ်သောက်လိုက် မပျောက်လျှင် ဆရာမထံတွင်အကြွေးဆေးထိုးလိုက်ဖြင့် အဆင်ပြေနေကြပါသည်။ သူ့အရပ်နှင့်သူ့ဇာတ်ကလိုက်တယ်ဆိုတာဒါမျိုးဖြစ်မည်ထင် ပါသည်။
             စာရေးသူဒီရွာကိုလာရခြင်းက အလှူတစ်ခုဖိတ်လို့လာရတာဖြစ်သည်။ ကျေး လက်တောရွာတွင်နေထိုင်သူများမှာ ချစ်စရာဓလေ့တစ်ခုရှိသည်။ အလှူလုပ်လျှင်ရွာလုံး ကျွတ်မီးခိုးတိတ်လာစားကြသည်။ အလှူရှင်ကလည်း       အလှူမလုပ်ခင်မဏ္ဍပ်ထိုးက တည်းကကြွေးနေရသည်။ တစ်ရွာလုံးကလည်း သူ့အလှူ ကိုယ့်အလှူလိုက်လံလုပ်ကိုင် ကြရသည်။ ဘုန်းကြီးတရားနာအပြီး ထမင်းစားလက်မှတ်ဝေသည်။      စာရေးသူလည်း တစ်စောင်ရသည်။ ပထမအသုတ်အဖြစ်ပါဝင်သည်။ ကိုယ့်ကိုကိုယ်    အထင်ကြီးသွားမိ သည်။ မိမိကိုတလေးတစားလာပေးပြီး   ပထမအသုတ်တွင်ထည့်ပေးထားသောကြောင့် ဖြစ်သည်။ စာရေးသူမိမိကိုယ်မိမိ အထင်ကြီးစိတ်ပျောက်သွားသည်။    အသံချဲ့စက်ဖြင့် အော်လိုက်ပုံက ´ ထမင်းစားလက်မှတ်ဝေသူများ ရပ်ဝေးပြန်မည့်သူများကိုဦးစားပေးဝေ ပါ´ တဲ့။ စာရေးသူကရပ်ဝေးကဧည့်သည်ဖြစ်သည်။
              စာရေးသူထမင်းစားအပြီး ရေနွေးကြမ်းနှင့်လက်ဖက်သုပ်လေးစားနေစဉ်တွင် မဏ္ဍပ်အလယ်လောက်တွင်ရုတ်ရုတ်သဲသဲဖြစ်သွားသည်။  လူများကအုံနေသဖြင့်စာရေး သူလည်း ထိုင်ရာမှထကာတိုးဝှေ့ကြည့်လိုက်မိသည်။  ကောင်မလေးတစ်ယောက်မူးလဲ သွားတာဖြစ်သည်။ အလှူရှင်၏အိမ်ထဲသို့  ကောင်မလေးကိုပွေ့ချီပြီးလိုက်ပို့ကြသည်။ စာရေးသူလည်း သိချင်စိတ်ပြင်းပြနေသဖြင့် အိမ်ထဲသို့လိုက်ခဲ့သည်။    သူတို့တစ်တွေ က `ဆရာခေါ်ပါ၊ ဆရာခုနက မဏ္ဍပ်ထဲမှာတွေ့တယ်´လို့လူတစ်ယောက်၏ပြောသံကို ကြားလိုက်ရအပြီး `ပထွေးလေး ၊   ကျွန်တော်ခေါ်ပေးမယ်´ဟုဆိုကာထွက်သွားသည်။ သိပ်မကြာလိုက်ပါ။ အကျီ င်္အဖြူနှင့်လူတစ်ယောက်ရောက်လာသဖြင့် ဆရာလာတာဖြစ် မည်ဟုထင်ထားသည့်အတိုင်း တကယ်ဆရာရောက်လာတာပါ။ စာရေးသူလည်းအံ့သြ သွားမိသည်။ ဒီလိုရွာမျိုးကိုဘယ်လိုဆရာဝန်မျိုးကလာထိုင်မှာမဟုတ်။
             ရောက်လာသည့်ဆရာဆိုသူကိုနေရာပေးလိုက်သည်။ ဆရာကအကျအနနား ကြပ်ကိုဆွဲထုတ်လိုက်သည်။ ပြီးတော့ နားကြပ်ဖြင့် ဟိုစမ်းဒီစမ်းလုပ်လိုက်ပြီး သွေးပေါင် ကြွတ်ကြွတ်အိတ်ဖြင့်ထုတ်ထားသောသွေးပေါင်ချိန်စက်ကိုထုတ်လိုက်သည်။ ကလေးမ လေးလက်မောင်းမှာပတ်လိုက်ပြီး အကျအနချိန်နေတာတွေ့လိုက်ရသည်။   စာရေးသူ လည်းစိတ်ဝင်စားသဖြင့် ဆရာဆိုသူကိုအနီးကပ်ကြည့်လိုက်တော့ စာရေးသူစပါးပွဲစား လုပ်တုန်းကထိုရွာတွင်စပါးလိုက်ဝယ်ခိုင်းသော     ရွာနာမည်ပြူးကျယ်ဆိုသောကောင် လေးဖြစ်နေသည်။ စာရေးသူပိုပြီးစိတ်ဝင်စားသွားရပြန်သည်။
          စာရေးသူ ပြူးကျယ်ကိုရွာမှာ တဆင့်ခံပွဲစားထားတုန်းက ပြူးကျယ်ကစပါးတော် တော်ရသည်။   ပြူးကျယ်က ရွာမှာအမျိုးများသလို အပေါင်းအသင်းလည်းဆံ့သည်။ ပြူး ကျယ်မှာအားနည်းချက်ကတော့     မတွက်တတ် မချက်တတ်တာဖြစ်သည်။ ငွေကိုပေး လိုက်ပါက ဘယ်တော့မှအဆင်မပြေသဖြင့်  စာရေးသူကသေချာအောင်တွက်ပေးလိုက် ရသည်။ ပြူးကျယ်က ရွာရှိမူလတန်းကျောင်းကလေးက      လေးတန်းလေးခါကျသဖြင့် ကျောင်းထွက်ထားရသူဖြစ်သည်။ စာကိုဖြောင့်အောင်မရေးတတ်ပါ။    ပြူးကျယ်စာရေး လျှင် တောတစ်လုံးတောင်တစ်လုံးဖြစ်နေတတ်သည်။ ဥပမာ   `ဧရာမင်းစပါးဖိုး ပေးရန် ရှိပါသည်၊ ကျွန်တော်အားယခုလာသူလူကြုံနှင့် ငွေပေးလိုက်ပါ´    လို့ရေးရမည်ကို ပြူး ကျယ်က `အေယာမင်းစပါးဘိုး ပေးရံရှိသည်၊     အနော်အားအခုလာသူလူကျုံနဲ့ငွေပေ လိုက်ပါ´ရေးတတ်သူတစ်ယောက်လည်းဖြစ်သည်။
        မြန်မာစာကိုတောင်လေးလုံးကွဲအောင်သိပ်မတတ်သော ပြူးကျယ်တစ်ယောက်ခု တော့ဆေးဆရာကြီးဖြစ်လို့နေပါသည်။ သွေးပေါင်ချိန်လိုက်၊ နားကြပ်ဖြင့်စမ်းလိုက်လုပ် ပြီး ပြူးကျယ်သူကိုင်လာသော   ကိုင်းတပ်ထားသောပီနံအိတ်ခွံထဲမှ ဆေးဘူးနှင့် တစ်ခါ သုံး 20cc ဆေးထိုးပိုက်ကိုထုတ်လိုက်သည်။    ကလေးမလေးကလည်း သတိရနေပါပြီ။ ပြူးကျယ် ဆေးထိုးပိုက်ထဲသို့   ဆေးပုလင်းထဲမှဆေးများကိုစုပ်ယူလိုက်ပြီး ဘေးနားမှာ ရှိသောလူကို ကလေးမလေးလက်မောင်းကိုကိုင်ခိုင်းကာ   လက်သီးဆုပ်ခိုင်းထားပြီး အ ကြောရှာကာ အကြောဆေးကိုထိုးလိုက်သည်။     လက်မောင်းရှိဆေးထိုးသည့်နေရာက ဖောင်းတက်လာသည်။ ကလေးမလေးကလည်း နာတယ်နာတယ်လို့အော်လိုက်သဖြင့် ပြူးကျယ်က ခပ်တည်တည်ပင် ဆေးထိုးအပ်ကို ပြန်နုတ်လိုက်သည်။ ကလေးမလေးကို လည်း မာန်လိုက်သေးသည်။    ´နင်ကလှုပ်နေတာကို အကြောလွဲသွားတာပေါ့´ တဲ့က လေးမလေးလည်းမျက်လုံးအကြောင်သားဖြင့်   ဆရာပြူးကျယ်အားကြည့်နေသည်။ တ ကယ်တော့ကလေးမလေးမလှုပ်ပါ။ သူ့ဘာသာ လက်လွဲသွားတာအားလုံးအမြင်ဖြစ်ပေ မဲ့ ဘယ်သူမှမပြောရဲပါ။ ဆရာဆိုတော့လည်း ကျေးရွာတွေမှာသမားဂုဏ်ဆိုတာရှိသည်။ နောက်တစ်ကြိမ်ထပ်ထိုးသည်။ အဆင်မပြေ ၊ နောက်ဆုံးလေးကြိမ်မြောက်မှအဆင်ပြေ သွားသည်။ ဆေးထိုးအပြီးကလေးမလေးလည်း   မောလာက သတိလစ်သွားသည်။ စာ ရေးသူလည်း မနေနိုင်တော့ပါ။      ချက်ချင်းစာရေးသူအသင့်ပါလာသောဖုန်းဖြင့် မြို့က ကြက်ခြေနီအသင်းမှာရှိတဲ့  အရေးပေါ်လူနာတင်ယာဉ်ကိုခေါ်လိုက်ရသည်။ ကြက်ခြေနီ ဒုတိယ တပ်ရင်းမှူးကလည်းချက်ခြင်းစီစဉ်ကာ       အရေးပေါ်လူနာတင်ယာဉ်ကိုလွှတ် လိုက်သည်။ ရွာကလည်းသိပ်မဝေးတော့ တစ်နာအတွင်းကားရောက်လာသည်။
         ကလေးမလေးဆေးရုံသို့အချိန်မီရောက်လိုက်သဖြင့် အသက်ချမ်းသာရာရသွား သည်။ စာရေးသူလည်း ဆေးရုံသို့လိုက်လာပြီး ဆရာဝန်ကြီးအားအကျိုးအကြောင်းရှင်း ပြလိုက်သဖြင့် ဆရာဝန်ကြီးလည်းသဘောပေါက်ကာ အချိန်မီကယ်တင်လိုက်နိုင်သည်။ နောက်ရက် စာရေးသူသတိရလို့ပြူးကျယ်အကြောင်းမေးလိုက်တော့   ပြူးကျယ်လည်း ဖြစ်တဲ့နေ့ကတည်းကရွာမှပျောက်သွားသည်ဟုသိရသည်။         မြန်မာစာတော့ဖြောင့် အောင်မရေးတတ် မဖတ်တတ်သည့်သူက ဆေးထိုးဆရာလုပ်နေသည်ကို ရွာကလူများ ကလည်းယုံကြည်ပြီးဆရာဆရာဆိုပြီး ဆေးကုခံကြသည်။      ပြူးကျယ်ဆေးထိုးသင်ခဲ့ သည်အချိန်ကိုပြန်တွက်ကြည့်လိုက်တော့       ခြောက်လလောက်သာကြာသည်ဟုသိရ သည်။ ဆရာဝန်တွေဆေးကျောင်းမှာခြောက်နှစ်လောက်   အခြေခံပညာရပ်တွေကိုသင် ကြားခဲ့ရသည်။ နောက်လက်တွေ့နယ်ပယ်မှာ စီနီယာဆရာကြီးများ၏ သင်ပြမှုအောက် မှာဆက်လက်သင်ယူပြီး လူတစ်ယောက်ရဲ့အသက်ကို       အလေးထားကာကုသကြရ သည်။ အင်္ဂလိပ်စာကိုမတတ်သောပြူးကျယ်က    ခုတော့ဒေါက်တာပြူးကျယ် ( MBBS) ဖြစ်နေသည်။ MBBS ဆိုတော့အထင်မကြီးပါနှင့်  သူ့ရွာမှာရှိတဲ့ပညာတတ်တစ်ယောက် ကပေးထားတဲ့ဘွဲ့ဖြစ်ပါတယ်။ စာရေးသူလည်း သိချင်တာနှင့် MBBS အကြောင်းကိုမေး ဖြစ်သည်။ ထိုလူက စာရေးသူကိုပွဲစားဟုခေါ်သည်။    ပွဲစားရယ် MBBS ဆိုလို့အထင်မ ကြီးလိုက်နဲ့ ကျွန်တော်ကပေးထားတဲ့နာမည်ပါ၊ M ဆိုတာက မြန်မာလေ၊   B ဆိုတာက တော့ ဗုဒ္ဓလေ၊ ဒုတိယ B ကတော့ ဗိန်းနောလေ၊ S ကတော့ ဆရာပေါ့´      အားလုံးကို ဘာသာပြန်တော့ပွဲစားရယ် မြန်မာဗုဒ္ဓဗိန်းနောဆရာ ပေါ့´တဲ့။ အော်သူ့ဟာနဲ့သူ သူ့အ ရပ်နဲ့သူ့ဇာတ်ကတော့အံကိုက်ပါပဲလို့စာရေးသူမှတ်ချက်ချလိုက်မိပါတော့သည်။ 

နေ၀င်းဇော်(မြန်အောင်)

No comments:

Post a Comment