ချိုလေးဇွန်

Wednesday, November 13, 2013

ဘ၀တက္ကသိုလ်


           ရန်ကုန်တက္ကသိုလ်ဆိုတဲ့စာတန်းကိုတွေ့လိုက်ရပါသည်။ ယာဉ်ကြောတွင် ကားများကြပ်နေသဖြင့် ချိုးကွေ့ဖို့ကိုစောင့်လိုက်ရသည်။         အချိန်အနည်းငယ် လောက်ကြာသွားသည်။ ဟိုတစ်ချိန်တုန်းကနှင့်မတူ   ကားဆရာကလည်း စိတ်ရှည် လက်ရှည်နှင့်ရန်ကုန်မြို့တော်၏ယာဉ်ကြောကြပ်နေမှုကို    စောင့်ဆိုင်းလိုက်ပြီး ရန် ကုန်တက္ကသိုလ်ထဲသို့ကားကိုချိုးကွေ့လိုက်သည်။
      တွေ့ပါပြီ။ အဓိပတိလမ်းမကြီး၊  ဂျပ်ဆင်၊ RC ၊ သစ်ပုတ်ပင်စသည်ဖြင့်ဖြစ်လာခဲ့ ပြီးဘွဲ့နှင်းသဘင်ခန်းမရှေ့သို့ရောက်လာခဲ့သည်။   ကားကလမ်းပြပေးသောလူတစ် ယောက်၏လမ်းညွှန်ရာနေရာသို့ ပါကင်ထိုးလိုက်သည်။       ကားပေါ်ကဆင်းလိုက် သည်နှင့်တစ်ပြိုင်နက် တူညီဝတ်စုံဝတ်ထားသော      ကင်မရာကိုင်ထားသော အမျိုး သားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ရောက်လာသည်။ သူတို့နှစ်ဦးအနားကိုရောက် လာပြီး ဓာတ်ပုံရိုက်လို့ရကြောင်းနှင့် ၎င်းတို့၏လိပ်စာကတ်ကိုပါထုတ်ပေးသည်။ စာ ရေးသူတို့မိသားစုလည်း နောက်ပြီးရင်ရိုက်ပါမည်ဟုပြောပြီး    ကားရပ်သည့်နေရာမှ လမ်းလျောက်ထွက်လာခဲ့ကြသည်။
        ရန်ကုန်တက္ကသိုလ်ကြီးကိုရောက်ဖူးချင်၍ စာရေးသူသတင်းစာပညာသင်တန်း တက်စဉ် ၂၀၀၆ခုနှစ်လောက်ကတစ်ခေါက်ရောက်ခဲ့သည်။   သင်တန်းတက်ဖော်စာ ရေးသူထက်အသက်ငါးနှစ်ခန့်ကြီးသောအကိုတစ်ဦးက သူရန်ကုန်တက္ကသိုလ်တက် ခဲ့စဉ်က နေထိုင်ခဲ့ရပုံ၊ ပျော်ခဲ့ရပုံများကို ပြောပြသဖြင့်စာရေးသူ ရန်ကုန်မှာနေစဉ်ကာ လပူဆာပြီး ရန်ကုန်တက္ကသိုလ်သို့လိုက်ပို့ခိုင်းခဲ့ပါသည်။
        စာရေးသူတို့သင်တန်းတက်သော တက္ကသိုလ်ရိပ်သာလမ်းသစ်ကနေ ရန်ကုန် တက္ကသိုလ်ဆီသို့ ခြေကျင်လျောက်သွားခဲ့ကြသည်။   သင်တန်းဖော်အကိုက သူတို့ နေခဲ့ရသောအိပ်ဆောင်၊ စာသင်ဆောင်တို့ကိုလိုက်ပြသည်။   ရုပ်ရှင်တွေ၊ ၀တ္ထုတွေ ထဲတွင်သာကြည့်ခဲ့ ဖတ်ခဲ့ရသော ကံ့ကော်ပင်တန်းရယ်၊ သစ်ပုတ်ပင်ကြီးရယ်၊ ဂျပ် ဆင်ရယ်၊ ဘွဲ့နှင်းသဘင်ခန်းမရယ် စသည်တို့ကိုကြည့်ခွင့် မြင်ခွင့်ရခဲ့သည်။ တော သားမြို့ရောက်ဖာလူဒါသောက်ဆိုတာ ဒါမျိုးဖြစ်မည်ထင်သည်။   ဦးချစ်လက်ဘက် ရည်ဆိုင်လို့ပြောလို့    စာရေးသူတို့လက်ဘက်ရည်တစ်ယောက်တစ်ခွက်ဝင်ကာ သောက်လိုက်ကြသည်။ စာရေးသူတို့တောကလက်ဘက်ရည်နှင့်တော့ သိပ်မကွာ သလိုပါပဲ။
     ရန်ကုန်တက္ကသိုလ်ကြီးကိုခုတစ်ကြိမ်ရောက်ခဲ့တာက ဒုတိယအကြိမ်ပြန်ရောက်ခဲ့ တာပါ။ စာရေးသူအဝေးသင်တက္ကသိုလ်နဲ့ဘွဲ့ရတုန်းကလည်း   အဝေးရောက်ဘွဲ့ကို သာယူခဲ့သဖြင့် မရောက်ခဲ့ဘူးပါ။ စာရေးသူ၏သမီးဖြစ်သူ   ဆေးဘက်ဆိုင်ရာနည်းပ ညာတက္ကသိုလ်မှ ဘွဲ့ယူဖို့  အကြောင်းဖြစ်လာ၍ရန်ကုန်တက္ကသိုလ်သို့ရောက်လာခဲ့ ကြခြင်းဖြစ်ပါသည်။ ရန်ကုန်တက္ကသိုလ်ကြီးက သက်ဝင်လှုပ်ရှားလို့နေသည်။ သက် မဲ့များဖြစ်သည့် ဘွဲ့နှင်းသဘင်ကြီးရယ်၊ ဂျပ်ဆင်ရယ်၊ RC ရယ်၊ သစ်ပုတ်ပင်ကြီးရယ် တို့က သက်ရှိများလှုပ်ရှားမှုကြောင့် သူတို့လည်းအသက်ဝင်လာကြသည်။     ယခု တစ်ကြိမ်ပြန်ရောက်တာက ၂၀၁၃ခုနှစ်ဖြစ်သည်။ ရှိရှိသမျှအသက်ဝင်နေသောသက် မဲ့များကိုနောက်ခံထားပြီးမိသားစုတစ်တွေ ဖုန်းကကင်မရာဖြင့် ဓာတ်ပုံရိုက်ကြသည်။ စာရေးသူ၏သမီးဖြစ်သူကတော့ ဓာတ်ပုံဆရာများနှင့်   သူ၏ဘွဲ့ယူသောပုံရိပ်များကို မှတ်တမ်းတွေတင်လို့နေပါသည်။
       စာရေးသူဘွဲ့နှင်းသဘင်ခန်းမထဲရောက်ပြီး အခမ်းအနားမစခင် လွန်ခဲ့သောနှစ် ပေါင်းနှစ်ဆယ်ကျော်က    အဖြစ်အပျက်များကိုပြန်လည်တွေးတောနေမိခဲ့သည်။ စာ ရေးသူတို့ဆယ်တန်းရောက်တော့     ၁၉၈၇-၁၉၈၈ ပညာသင်နှစ်၊ ကျောင်းတက်ပြီး သိပ်မကြာလိုက်ပါ။  အရေးအခင်းဖြစ်လို့ရက်(၅၀) လောက်ကျောင်းပိတ်သွားသည်။ ကျောင်းတွေပြန်ဖွင့်  ကျောင်းပြန်တက် စာသင်နှစ်ကုန်တော့ ဆယ်တန်းအတန်းတင် စာမေးပွဲကို ဧပြီလဆန်းပိုင်းလောက်မှာဖြေခဲ့ရာ အောင်မြင်အောင်မနည်းကြိုးစားဖြေ ခဲ့ရသည်။
     စာမေးပွဲတွေဖြေအပြီး ၈၈အရေးအခင်းကြီးကစတင်ပါပြီ။ နိုင်ငံခြားအသံလွှင်ဌာန များကလည်း သပိတ်မဖြစ်ဖြစ်အောင်  မြန်မာနိုင်ငံသားများကိုချိန်းပေးလိုက်ပါသည်။ အရေးအခင်းများကြောင့်    အထက်တန်းကျောင်းများတောင်ပိတ်ထားလိုက်ရသည်။ အရေးအခင်းကာလကြီးကို   ခါးသီးစွာကျော်ဖြတ်ခဲ့ရသည်။ အရပ်ထဲမှာ အလှည့်ကျ ကင်းစောင့်ကြရသည်။     သပိတ်မှောက်သူတွေကလည်း သပိတ်စခန်းများကိုဖွင့်ပြီး ဆောင်ရွက်နေကြသည်။
       စာရေးသူတို့လည်းအိမ်ရှေ့က ကင်းတဲမှာ လောက်လေးခွ၊ ဂျင်ကလိတို့အပြင် ဖခင်၏ငှက်ကြီးတောင်ဓားတို့ဖြင့် ကင်းစောင့်ကြရသည်။  ဘယ်ကလာမည်မှန်းမသိ သည့် ရန်သူဆိုတာကြီးကို သံချောင်းတွေခေါက်လိုက်၊    အော်လိုက်ဟစ်လိုက်ဖြင့်မ တည်ငြိမ်မှုတွေနှင့် ခံစားခဲ့ရသည်။ သပိတ်စခန်းများတွင်သပိတ်ခေါင်းဆောင်ဆိုလား ဘာဆိုလား ၊ လုပ်သေနတ်ကိုခါးမှာထိုးလျက်   တပည့်များက ခေါင်းမှာအနီရောင်ကို ပတ်လျက်မြို့ကိုကာကွယ်တာကိုလည်းစာရေးသူတွေ့ခဲ့ရသည်။    သပိတ်ကိုဖျက်စီး သည်ဟုသံသယရှိသူများကိုလည်း     ဘုရားတန်ဆောင်းများတွင် အချုပ်ခန်းသဖွယ် လုပ်ကာ ချုပ်နှောင်ထားသူများလည်းရှိခဲ့ပါသည်။
     စာရေးသူတို့နုနယ်တဲ့အရွယ် လမ်းပေါ်မှာခေါင်းကိုအနီရောင်ပတ်ပြီး ဒီမိုကရေစီ ရရှိရေး တို့အရေးလို့တိုင်ပေးသူကတိုင်ပေးတာကို  နောက်လူများက တို့အရေးလို့ လိုက်အော်သည်ကိုလည်းတွေ့ရသည်။    သပိတ်မှောက်သူများအတွက် ထမင်းထုပ် များကိုအိမ်များက တစ်အိမ်တစ်ထုပ်ပေးရသဖြင့် စာရေးသူတို့အိမ်ကလည်း ထမင်း ထုပ်ပေးရသည့်အထဲပါခဲ့ကြသည်။    စာရေးသူက ဘာမှနားမလည်သော်လည်း စာ ရေးသူ၏သူငယ်ချင်းတစ်ချို့     သပိတ်ထဲတွင်ပါခဲ့သည်ကိုတွေ့ရသည်။ သူတို့တစ် တွေကစာရေးသူထက်ပိုပြီးနိုင်ငံရေးအကြောင်းကိုသိသူများအဖြစ်စာရေးသူတွေးခဲ့မိ ပါသည်။
      အိမ်ရှေ့ကကင်းတဲမှာ ဘယ်ကတက်လာမှန်းမသိတဲ့ ရန်သူကိုစောင့်ရင်း လေးခွ တွေ၊ ဂျင်ကလိတွေနဲ့နေခဲ့ရသည်။     ညဖက်ကျတော့ရပ်ကွက်ထဲက မယ်ဒလင်တီး တတ်သူများကအရက်မူးမူးကလေးနဲ့ တီးဆိုလုပ်ကြပါသည်။     ပျော်လည်းပျော်ခဲ့ရ ပါသည်။ တစ်ချို့မြို့ပေါ်မှာရှိတဲ့ကင်းတဲများတွင် ဖဲဝိုင်းများ ၊ ဒိုးဇက်ဝိုင်းများ၊ လောင်း ကစားဝိုင်းများဖြင့် စည်ကားနေပါသည်။   ဒီလိုနဲ့ တပ်မတော်က တိုင်းပြည်ရဲ့အချုပ် အခြာအာဏာကို ထိန်းသိမ်းလိုက်ပါသည်။
       အရေးအခင်းကြီးလည်းငြိမ်သက်သွားသည်။ စာရေးသူလည်း တက္ကသိုလ်တက် ချင်စိတ်တွေက တစ်ဖွားဖွားဖြစ်ခဲ့သည်။    ထိုအချိန်က ခေတ်စားနေသော စာရေးဆ ရာ မောင်စိန်ဝင်း(ပုတီးကုန်း) ရဲ့ဝတ္ထုတွေကိုဖတ်ပြီး  စာရေးသူရန်ကုန်တက္ကသိုလ်ဆို တာကြီးကို စာအုပ်တွေထဲမှာရင်းနှီးနေမိသည်။  ဆရာ့ရဲ့ကဗျာတွေထဲမှာစီးမျောနေမိ သည်။ ဆရာရဲ့ကဗျာတွေထဲက  ကြိုက်နှစ်သက်သောကဗျာတစ်ပုဒ်ရှိခဲ့သည်။ ကဗျာ လေးက နွယ် တဲ့။
တစ်ပင်တည်း(ထဲ)
ရင်ထဲကနွယ်
ခက်ညွန့်သန် နုသစ်လို့
ရစ်ပတ်နှောင်တွယ်
သံယောဇဉ် ဆိုတာရယ်
နွယ်ကလေးတစ်ပင်ပေါ့-----
ရာသီတွေဘယ်လိုပြောင်းပေမဲ့
ခေါင်းထောင်လို့ကျော့။  
       ကဗျာပါတဲ့စာအုပ်ကလေးကိုရင်ဘတ်ပေါ်တင်ရင်း နွယ်ဆိုတာကိုလွမ်းမိသည်။ ဘယ်ကလာတဲ့နွယ်မှန်းတော့မသိ။     စာရေးသူရဲ့အရွယ်က သစ်ရွက်လေတိုက်လို့ လှုပ်တာကိုတောင်ရီတဲ့အရွယ်လေ။
        အထက်တန်းကျောင်းများကိုတောင်ပိတ်ထားလိုက်ရသဖြင့် တက္ကသိုလ်ဆိုတာ ကြီးက ဖွင့်ဖို့မလွယ်တော့ နွယ်ဆိုတာလည်းဘယ်ရောက်မှန်းမသိ။    စာရေးသူအိမ် မက်ခဲ့တဲ့တက္ကသိုလ်ကြီးကိုမတက်ခဲ့ရတော့ပါ။ ဘ၀တက္ကသိုလ် ဆိုတာကြီးကိုတက်ခဲ့ ရသည်။ ငယ်ရွယ်နုနယ်သောအရွယ်မှာ      ကြမ်းတမ်းမှုတွေနှင့်ကြုံခဲ့ရသည်။ ဆရာ မောင်စိန်ဝင်း(ပုတီးကုန်း) ရဲ့ နွယ်ဆိုတာကြီးကိုလည်းမလွမ်းနိုင်တော့ပါ။ ဘ၀တက္က သိုလ်ဖြစ်တဲ့ လုပ်ငန်းခွင်ကို ၁၈နှစ်သားမှာဝင်ခဲ့ရတယ်။ 
     လေးနှစ်လောက်ကျောင်းတွေပိတ်ထားခဲ့ပြီး ပြန်ဖွင့်တော့လည်း အဝေးသင်တက္က သိုလ်ဆိုတာကိုပဲတက်ခဲ့ရသည်။      ဘ၀တက္ကသိုလ်က ငွေရှာနည်းများကိုသင်ခဲ့ရပြီ လေ။ ခါးသီးစွာ တွေ့ကြုံခဲ့ရတဲ့ဘ၀တစ်ဆစ်ချိုးကို စာရေးသူနာကျဉ်းမိသည်။ အရေး အခင်းမှာ ရည်ရွယ်ချက်တွေမျှော်လင့်ချက်တွေပျက်ခဲ့ရသည်။ ခုတော့လည်းရန်ကုန် တက္ကသိုလ်ကြီးက သူနှင့်မဆိုင်သလိုစာရေးသူကို ဘွဲ့နှင်းသဘင်ခန်းမထဲမှာထိုင်ခွင့် ပြုလိုက်ပါသည်။
       ဒီလိုအဖြစ်ဆိုးမျိုးတွေကို စာရေးသူရဲ့မျိုးဆက်ဖြစ်တဲ့ သမီးကိုထပ်ပြီးမခံစားစေ ချင်ပါ။ သမီးသည်           ကံကောင်းစွာဖြင့် လူ့ဘ၀၏ပုံမှန်များဖြစ်သော မူလတန်း၊ အလယ်တန်း ၊ အထက်တန်းများကိုအောင်မြင်ပြီး  ရန်ကုန်ရှိ ဆေးဘက်ဆိုင်ရာနည်း ပညာတက္ကသိုလ်ကြီးကို သမီးတက်ခွင့်ရခဲ့သည်။ စာရေးသူပျော်ပါသည်။   စာရေးသူ မခံစားခဲ့ရသော     တက္ကသိုလ်ကျောင်းသားဘ၀ကို သမီးကိုအပြည့်အ၀ခံစားစေခဲ့ပါ သည်။
       ခုဆိုရင် စာရေးသူအိမ်မက်ခဲ့ရသော ရန်ကုန်တက္ကသိုလ်ကြီးထဲက နေရာတော် တော်များများကိုလည်းရောက်ခဲ့ရပြီ။    ရန်ကုန်တက္ကသိုလ်ကြီးထဲကဘွဲ့နှင်းသဘင် ခန်းမကြီးထဲမှာ စာရေးသူရဲ့ သမီးလေးက    ဆေးဘက်ဆိုင်ရာနည်းပညာဘွဲ့ကိုယူ နိုင်ခဲ့ပါသည်။ တည်ငြိမ်အေးချမ်းမှုရဲ့အရသာကို    စာရေးသူရဲ့မျိုးဆက်ဖြစ်တဲ့သမီး အပြည့်အ၀ရရှိလိုက်ပါသည်။   နောက်မျိုးဆက်များအားလုံးလည်း ဒီမိုကရေစီရဲ့အရ သာ၊ တည်ငြိမ်အေးချမ်းမှုရဲ့အနှစ်သာရတွေကိုခံစားနိုင်ကြစေချင်ပါသည်။    ဒီလိုမျိုး ဆက်တွေနဲ့ နိုင်ငံတော်ကြီးကိုတည်ဆောက်ချင်ပါသည်။      စာရေးသူတို့နိုင်ငံသား များအားလုံးက ၀ိုင်းဝန်းကူညီကြပါ။ အတူတစ်ကွ တစ်ယောက်နဲ့တစ်ယောက်အပြစ် မမြင်ကြဘဲ လက်တွဲဆောင်ရွက်သွားကြပါလို့ စာရေးသူကတိုက်တွန်းရေးသားလိုက် ရပါသည်။

 နေ၀င်းဇော်(မြန်အောင်)

Thursday, October 31, 2013

သုတ ရသတွေကိုသာတောင့်တနေမိပါတော့တယ်


ထိုင်နေကြလက်ဖက်ရည်ဆိုင်မှာထိုင်ဖြစ်တယ်။ အပေါင်းအသင်းကလည်းများများစားစားမရှိတော့အချိန်မှန်ဒီအချိန်ကိုပဲထိုင်ဖြစ်ကြ သည်။စားပွဲထိုးလေးက` ဘာသောက်မလဲဆရာလို့´မေးလာသည်။   သောက်နေကြအတိုင်းပေါ့ဆိမ့်တစ်ခွက်မှာလိုက်သည်။လက် ဖက်ရည်ကနေ့တိုင်းသောက်နေကြမို့သောက်တာရယ်     အပေါင်းအသင်းတွေကြောင့်ရယ် ဒီလက်ဖက်ရည်ဆိုင်မှာထိုင်ဖြစ်တာပါ။ ခဏနေတော့မိတ်ဆွေတစ်ယောက်ရောက်လာသည်။        မိတ်ဆွေကရင်းနှီးတာမကြာသေးဘူး။ ထပ်ပြီးတော့ အသိတစ်ယောက် ရောက်လာသည်။ ၀ိုင်းကစိုပြည်သွားသည်။ စကားတွေက ဟိုရောက်ဒီရောက်ပြောဖြစ်ကြသည်။          မြို့အကြောင်း၊ နိုင်ငံရေးအ ကြောင်း၊ စီးပွားရေးအကြောင်း ၊ လူမှုရေးအကြောင်းတွေအစုံဖြစ်သည်။ သူများမကောင်းကြောင်း      ကိုယ်ကောင်းကြောင်းတွေပါ။ လက်ဖက်ရည်ဆိုင်စကားဝိုင်းက အရှိန်ရလာသည်။
စာပေအကြောင်း၊ ကိုယ့်မြို့မှာလုပ်သွားတဲ့စာပေဟောပြောပွဲအကြောင်းလည်းပါသည်။     အနီးစပ်ဆုံးစာပေဟောပြောပွဲအကြောင်း ရောက်သွားသည်။ စာရေးဆရာသုံးရောက်လာဟောပြောသွားကြသည်။ ဆရာတွေကနာမည်ကြီးစာရေးဆရာတွေဖြစ်သည်။ စကား ပြောရာမှာလည်း တစ်ဖက်သားကိုညှို့ယူဖမ်းစားနိုင်ကြသည်။ လေယူလေသိမ်းကအစပေါ့။ စာရေးသူက စာပေဟောပြောပွဲသွားနား ထောင်တဲ့အကြောင်းကို စကားစလိုက်သည်။ကျန်တဲ့မိတ်ဆွေတွေက ဘယ်ဆရာကဘာအကြောင်းဟောသွားသည်။  ကောင်းတယ် မကောင်းဘူးပေါ့။ သမိုင်းကြောင်းကိုပိုင်ပိုင်နိုင်နိုင်ဟောသွားတဲ့စာရေးဆရာကလည်း     သမိုင်းကိုတကယ်ပိုင်နိုင်စွာဟောပြောသွား သည်။ စာရေးသူပြောခန်းမရောက်ပါ။ မိတ်ဆွေတွေပြောတာကိုသာနားထောင်လိုက်ရသည်။    လက်ပန်းတောင်းတောင်ကြေးနီစီမံ ကိန်းအကြောင်း၊  တရုတ်ကဘယ်လောက်မြန်မာပြည်ကို ဂုတ်သွေးစုပ်ထားကြောင်း၊ ဆရာပြောမှအားလုံးသိရကြောင်း၊    ဆရာက ဗဟုသုတတော်တော်စုံကြောင်းတွေကို အာပေါင်အာရင်းသန်သန် ပြောကြသည်။ ဆရာတွေဟောပြောကြတဲ့အထဲမှာ   ဘားရက်အို ဘားမား အကြောင်းလည်းပါသည်။ ဘားရက်အိုဘားမားက     မြန်မာပြည်ကိုတော်တော်လေးတိုးတက်စေချင်ကြောင်းတွေလည်းပါ သည်။ ဘားရက်အိုဘားမားတော်ကြောင်း၊ မြန်မာပြည်အတွက်အလားအလာကောင်းကြောင်းတွေလည်းပါသည်။
ဘားရက်အိုဘားမားက မြန်မာပြည်ကိုတော်တော်ချစ်ပါလားလို့တောင်စာရေးသူအတွေးဝင်မိသည်။ စာရေးသူတစ်ခုစဉ်းစားမိသည်။ စာရေးသူတို့အိမ်သားများကောင်းစားရေးကို အိမ်ဘေးကမိသားစုကလိုလားသည်မှာ ဖြစ်နိုင်စရာရှိပါ့မလားလို့ပါ။ စာရေးဆရာတွေ ဟောပြောနေကြ ခေတ်စားနေတဲ့လူတွေအကြောင်းလည်းပါသည်။ စာရေးသူနားထောင်နေပါသည်။ ဆရာတွေကမိမိတို့ကို သမ္မတ လုပ်ခိုင်းရင်တောင်မလုပ်နိုင်ကြောင်း၊ မိမိတို့တိုင်းပြည်တိုးတက်အောင်လုပ်ဆောင်တဲ့နေရာမှာ        စာရေးဆရာတွေကမှန်တာကို ထောက်ပြရမှာပေါ့ဆိုတာတွေလည်းပါသည်။ သမ္မတကြီးက ဘာတွေလုပ်နေတာလဲ မကောင်းဘူး။     ဘယ်ဝန်ကြီးလုပ်တာတွေက ပြည်သူလူထုမျက်နှာကိုမကြည့်ဘူး။ ပညာရေးက နိုင်ငံခြားတိုင်းပြည်တွေထက်နောက်ကျနေကြောင်းတွေလည်းပါသည်။   ကျန်းမာ ရေးကဏ္ဍကိုလည်းအတိုင်းအတာတစ်ခုအထိလုပ်ဆောင်ချက်တွေပြောင်းဖို့လိုကြောင်းတွေလည်းစုံလို့ပါ။    နားထောင်ရတာတော် တော်ကောင်းပါသည်။စာရေးသူရဲ့ မိတ်ဆွေတွေကလည်း ပညာတတ်လူတန်းစားတွေဆိုတော့သူတို့အမြင်တွေကိုလည်းထည့်ဆွေး နွေးကြသည်။ စကားဝိုင်းက တစ်ဖြည်းဖြည်းအရှိန်ရလာသည်။
အရှိန်ရလာတဲ့စကားဝိုင်းက အစိုးရမကောင်းကြောင်းတွေက မပါမဖြစ်ပါလာသည်။ တိုင်းပြည်ကိုအုပ်ချုပ်နေတဲ့သူတွေကောင်းတာမ ကောင်းတာက ဝေဖန်မယ်ဆိုရင်ပြည်သူကတင်မြှောက်ထားတဲ့အစိုးရဆိုတော့ ပြည်သူတွေနဲ့    အနည်းငယ်တော့သက်ဆိုင်သည်။ ပြည်သူတွေကတင်မြှောက်ထားတာဖြစ်သည်။ မကောင်းဘူးဆိုရင်ဘယ်နေရာမှာလိုအပ်နေတာလဲ      မိမိတို့တင်ပေးထားတဲ့လွှတ် တော်ကိုယ်စားလှယ်တွေရှိတယ်။ သူတို့ကတဆင့်တရားဝင်တင်ပြပြီးလုပ်ဆောင်ကြဖို့လိုမယ်လို့စာရေးသူကပြောတော့  မိတ်ဆွေ များက စာရေးသူကိုမင်းကအစိုးဖက်ကလူလားလို့ဝိုင်းမေးကြပါသည်။
စာရေးသူက သူတို့မေးခွန်းကိုဖြေရာမှာ ခုဆိုရင်လွှတ်တော်ရယ် ၊ အုပ်ချုပ်ရေးရယ်၊ တရားရေးရယ်ဆိုပြီး   မဏ္ဍိုင်ကြီးသုံးရပ်နဲ့တိုင်း ပြည်ကိုဒီမိုကရေစီစနစ်နဲ့အုပ်ချုပ်နေတာကို သိကြမှာပါ။ နောက် စတုတ္ထမဏ္ဍိုင်လို့ခေါ်တဲ့   မီဒီယာကိုလည်း  လွတ်လပ်ခွင့်တွေကို လည်းပေးထားပြီးဖြစ်သည်။ သမ္မတကြီးကလည်း ပြည်သူတွေအသံကိုနားထောင်ပြီး မထားသင့်ဘူးဆိုတဲ့  သူတွေကို အနားပေးတာ တို့စစ်ဆေးတာတို့လုပ်နေတာလည်းအားလုံးအမြင်ဖြစ်သည်။ ဒါဆိုရင်အစိုးရလုပ်တာကို ပြည်သူတွေကလည်းတစ်ဖက်တစ်လမ်း ကကူညီသင့်တာပေါ့လို့စာရေးသူပြောဖြစ်သည်။
ဆက်ပြီးစာရေးဆရာများအကြောင်းကိုဆက်ပြောဖြစ်သည်။ စကားဝိုင်းက တစ်မျိုးဖြစ်သွားမှာစိုးလို့ပါဟုပြောလိုက်ရသည်။  စာရေး သူငယ်စဉ် (၉)တန်းနှစ်လောက်က မြို့ကိုစာရေးဆရာတွေလာပြီး ဟောပြောပွဲလုပ်တာကိုသွားပြီးနားထောင်ဖူးသည်။   သုတရသစုံ စွာဆရာများက ဟောပြောသွားသည်။ နားထောင်ရတာ ဗဟုသုတတွေ စိတ်ခွန်အားတွေတော်တော်ရခဲ့ရပါသည်။ ကျောင်းသားတွေ ဆိုရင်လည်း ပညာတွေတတ်အောင်သင်ဖို့စာအုပ်စာပေတွေဖတ်ဖို့လမ်းညွှန်သွားကြတာတွေကိုနားထောင်ရသည်။   နိုင်ငံတစ်ကာ မှာဘယ်လိုတွေပညာရေးကိုလုပ်နေကြောင်း၊ နည်းပညာတွေတိုးတက်နေသဖြင့် ထိုနည်းပညာတွေနောက်လိုက်နိုင်  အောင်ကြိုးစား ရမည်ဖြစ်ကြောင်း သုတတွေတော်တော်စုံစုံလင်လင်ရရှိခဲ့ပါသည်။ နှလုံးသားကို အဟာရဖြစ်စေသည့် စိတ်ကိုနူးညံ့သိမ်မွေ့စေသည့် ရသစာပေများကိုဖတ်ဖို့၊ ရသစာပေတွေကိုလေ့လာလိုက်စားမှရိုးရာယဉ်ကျေးမှုတွေကိုထိန်းသိမ်းနိုင်မယ်ဆိုတဲ့အကြောင်းအရာတွေ လည်းပါသည်။ လက်ခုပ်တီးတာတော့နည်းသည်။ ဒါပေမဲ့လက်ခုပ်သံထက်တန်ဖိုးမဖြတ်နိုင်တဲ့ အရာတွေကို စာချစ်သူများထံမှဆရာ များရသွားသည်ကတော့ ပြောပြစရာတောင်လိုမည်မထင်ပါ။
ယခုနောက်ပိုင်းဟောပြောပွဲလုပ်ကြတာကို လာဟောပြောကြတဲ့ဆရာတွေထဲမှာ ဆရာလယ်တွင်းသားစောချစ်၊     ဆရာနေ၀င်းမြင့်၊ ဆရာချစ်ဦးညို၊ ဆရာဦးအောင်သင်းနဲ့ခုနောက်ပိုင်းလူငယ်စာရေးဆရာများဖြစ်တဲ့ ဆရာလင်းသိုက်ညွန့်၊   ဆရာဖူးကျော်ဇင်စသည့် တို့လောက်သာသုတရသစာပေများကိုကြားရတော့သည်။ တစ်ချို့စာရေးဆရာများမှာ နိုင်ငံရေးအကြောင်း၊          အစိုးရမကောင်း ကြောင်းတို့ကိုသာဟောပြောပြီး ပရိသတ်ရဲ့လက်ခုပ်သံတွေကိုခံယူနေကြတာတွေ့သည်။     ဥပမာ မီးမလာသည့်အကြောင်းဟော ပြောသည်ဆိုပါတော့ ဘယ်လိုကြောင်းမီးမလာသည် နိုင်ငံတော်ရဲ့လိုအပ်ချက်တွေကဘာတွေ၊    ဘယ်လိုတွေလုပ်ရင်ကောင်းမည်၊ နိုင်ငံတစ်ကာမှာဘယ်လိုတွေ လျှပ်စစ်မီးကိုရရှိအောင်သုံးစွဲနေသည်။ လေ့လာသင့်သည်၊          ရင်းနှီးမြုပ်နှံသင့်သည်။ စသည်ဖြင့် ထောက်ပြကာဆွေးနွေးဟောပြောလျှင်ကောင်းမည်။ ခုတော့အစိုးရမကောင်းကြောင်းကိုပယ်ပယ်နယ်နယ်ဟောပြောသည်။     ပရိ သတ်ဆီကလုပ်ခုပ်သံကိုအားရပါးရယူသွားသည်။ ဘာတစ်ခုမှပြန်မပေးခဲ့ပါ။        အဲဒါအပြင်လမ်းပေါ်ထွက်ဆန္ဒပြအောင်လုပ်သွား သေးသည်။ ဇာတ်သဘင်လောကကြီး တွင်ပြောနေကြစကားလေးရှိပါသည်။    ဇာတ်သမားပြန်ရင်မှတ်သားစရာကျန်ခဲ့သည်တဲ့။ ခု တော့ဆရာတွေပြန်သွားသည်။ ကျန်ခဲ့တာတော့ဝေဒနာတွေဖြစ်သည်။    တို့မြန်မာပြည်ကြီးတော်တော်လေးခေတ်နောက်ကျနေပါ့ လားလို့ဖြစ်သွားပြီးစိတ်ဓာတ်ကျသွားသည်။ ခေတ်နောက်ကျတဲ့အတူတူမထူးပါဘူးကွာ      ပြန်အိပ်နေတာပဲကောင်းပါတယ်ဆိုတဲ့ အတွေးလေးတွေသာဝင်ကျန်ခဲ့ကြပါသည်။ စာရေးဆရာဆိုတာ သမိုင်းကိုသယ်ဆောင်ကြတဲ့ သူများဖြစ်သည်။ အရင်တုန်းကရေးခဲ့ တာတွေကို နောက်လူများအဆက်မပြတ်သိအောင်ဆက်လုပ်ပေးနေသော ပေါင်းကူးတံတားများဆိုရင်လည်းမမှားနိုင်ပါ။ သူတို့တွေ ကလမ်းပြကြယ်ကောင်းတွေဖြစ်ဖို့လိုပါသည်။ အဲဒီလို့တွေကို စာရေးသူကပြောတော့ စကားဝိုင်းကတော်တော်လေးငြိမ်သွားသည်။ စာရေးသူကိုမိတ်ဆွေများက မကျေနပ်ကြပါ။ စာရေးသူဘယ်လိုမှမတတ်နိုင်ပါ။ စာရေးသူမှာလည်း   စာရေးသူအမြင်ကိုပြောခွင့်ရှိပါ သည်။ အစိုးရကို မကောင်းဘူးလို့ပြောတဲ့သူတွေရှိသလို ကောင်းတယ်လို့ပြောတဲ့သူတွေရှိသည်။ အဲဒီအထဲမှာ စာရေးသူတစ်ဖက် ဖက်ကတော့ပါမှာပါ။
စာရေးသူကိုမိတ်ဆွေများက မင်းကအစိုးဖက်က လိုက်ပြောနေတယ်လို့ပြောသည်။    အစိုးရသည်စာရေးသူတစ်ယောက်ထဲရဲ့အစိုး ရမဟုတ်ပါ။ ပြည်သူအားလုံးရဲ့အစိုးရဖြစ်သည်။ အစိုးရ၏ပျော့ကွက်ဟာကွက်များကိုထောက်ပြရာမှာလည်း      ဥပဒေကြောင်းအရ ထောက်ပြတာမျိုးပဲဖြစ်စေချင်သည်။ နောက်တစ်ခုက တိုင်းပြည်ကိုအုပ်ချုပ်ရမှ ပြည်သူတွေအတွက်လုပ်ပေးလို့ရသည်ဟုထင်သည့် လူများလည်းရှိသေးသည်။ ဒါတွေသည် တကယ်တော့မဟုတ်ဘူးလို့ထင်ပါသည်။ တိုင်းပြည်တိုးတက်ဖို့ဆိုရင်  ဘယ်နေရာကပဲဖြစ် ဖြစ်မိမိတို့ဘာတွေကူလုပ်ပေးနိုင်မလဲ၊ ဘာတွေလုပ်ပေးလို့ရမလဲ၊ လုပ်ပေးလို့ရတဲ့နေရာကနေ  လုပ်ပေးတာမကောင်းတာဘူးလား ဗျာ။ စာရေးသူဟောပြောပွဲများကြိုက်နှစ်သက်ပါသည်။
ဟောပြောပွဲတွေမှာတိုင်းပြည်တိုးတက်အောင်ဘာတွေလုပ်သင့်သလဲ၊ လူငယ်တွေဘ၀အောင်မြင်ဖို့ဘာတွေလုပ်ရမလဲ၊   နိုင်ငံတစ် ကာနဲ့ယှဉ်တဲ့အသိတွေ၊ပညာတွေ၊ ဗဟုသုတတွေကိုဟောပြောပေးကြပါ။ စာရေးသူစာရေးသည့်အဆင့်သည့်  စာရေးဆရာကြီးများ ကိုမယှဉ်နိုင်ပါ။ သို့သော်စာရေးသူသည် စာတွေကိုတတ်နိုင်သလောက်ကြိုးစားရေးရင်း   တိုင်းပြည်ကိုကိုယ်တတ်နိုင်သလောက်အ ကျိုးပြုရင်း စာရေးဆရာကြီးများရဲ့ သုတရသစာပေများကိုတောင့်တနေမိပါတော့သည်။
နေ၀င်းဇော် (မြန်အောင်)

ကိုယ်ချင်းစာတရားနှင့်လက်ဆင့်ကမ်းပါ


     မင်းသားလေးတစ်ပါးတောကစားထွက်လာရင်း အဘိုးအိုတစ်ဦးသရက်ပင်စိုက် နေတာကိုမြင်သဖြင့် အဘဘာပင်တွေစိုက်နေတာလဲလို့မေးလိုက်ရာ အဘိုးအိုက ပြန်ပြောလိုက်သောစကား မင်းသားလေးက အဘိုးလည်းဒီသရက်ပင်ကအသီးကို စားနိုင်တော့မှာမဟုတ်ပဲနဲ့ဘာလို့စိုက်နေရတာလဲဆိုတဲ့အမေးကို ပြန်ဖြေလိုက် သောစကားကို အားလုံးဖတ်ဖူးကြပါလိမ့်မည်။
    စာရေးသူတို့ငယ်ငယ်ကသောက်ရေအိုးစင်လေးတွေ(၀ါ)ရေချမ်းစင်လေးတွေကို သစ်ပင်ကြီးများ၏အောက်ဖက်တွင်လည်းကောင်း၊ ရေအိုးစင်လေးတွေဆောက်ပြီး လည်းကောင်း နေရာတော်တော်များများတွင်တွေ့ကြရသည်။ မြန်မာလူမျိုးတို့၏ချစ် စရာဓလေ့ကဒီလိုပါ။ မြန်မာလူမျိုးတွေက နှလုံးသားလှကြသည်။ ကူညီကြသည်။ ကိုယ်ချင်းစာတရားရှိကြသည်။ ရန်ကုန်မြို့က ဘတ်စ်ကားတွေပေါ်မှာအသက်အ ရွယ်ကြီးရင့်သူနှင့် အားနွဲ့သူတွေကိုနေရာဖယ်ပေးကြသည်။ ချစ်စရာကောင်းလိုက်ပုံ များ လောကပါလတရားကိုလက်ကိုင်ထားကြသည်။
     စာရေးသူတို့ငယ်စဉ်ကျောင်းနေတုန်းက ကျောင်းကဆရာဆရာမများက စာသင် ကြားတာအပြင် မိမိထက်အသက်တစ်မီနစ်တစ်စက္ကန့်ကြီးသူကိုပင်ရိုသေရန်၊ လူကြီး သူမများရှေ့တွင် ကိုယ်ကိုကိုင်းညွတ်သွားရန်၊ လူကြီးသူမများကိုစကားပြောရာ ရှင်၊ ကျွန်မ၊ ဟုတ်ကဲ့၊ ကျွန်တော်စသည်ဖြင့်ပြောရန် လူကြီးသူမများနှင့် ထမင်းအတူတူ စားပါက လူကြီးသူမများကိုအရင်ဦးစားပေးစားစေပြီးမှ မိမိတို့ကစားရန်စသည်တို့ ဖြင့် လောကနီတိကို လက်တွေ့သင်ကြားပေးသည်။ မိဘများကလည်းအိပ်ရာဝင်ပုံ ပြင်များဖြစ်သော ငရဲကြီးရှစ်ထပ်အကြောင်း၊ ရိုင်းပြရင်၊ လူကြီးသူမများကိုစော်ကား ရင် ငရဲအိုးထဲဇော်ထိုးကျတတ်ကြောင်းတို့ကို ပုံပြင်များနှင့်တစ်ကွစာရေးသူတို့တစ် တွေလိမ္မာယဉ်ကျေးအောင်ပြုစုပျိုးထောင်ပေးခဲ့သည်။
   စာရေးသူတို့တစ်တွေဟာ အင်မတန်မှသွန်သင်ဆုံးမမှုကောင်းသောမိဘများ၊ ဆရာသမားများနှင့် နေခဲ့ကြရသည်။ ထမင်းစားလျှင်ပင် ထမင်းစေ့ကိုမဖိတ်အောင် သပ်သပ်ရပ်ရပ်စားတတ်အောင်သင်ကြားပေးသည်။ ဘာသာတရားကိုကိုင်းရှိုင်း တတ်အောင်လည်းသင်ကြားပေးသည်။ ဘုရားရှိခိုးခိုင်းသည်။ ဆွမ်းတော်ကိုကိုယ် တိုင်ကိုယ်ကျကပ်ခိုင်းသည်။ တစ်ဦးနှင့်တစ်ဦးစာနာတတ်အောင်သင်ပေးသည်။ ကြီးသူကိုရိုသေ၊ ရွယ်တူကိုလေးစား၊ငယ်သူကိုသနားဆိုသည့် စကားအတိုင်းပြုမူ ဆောင်ရွက်စေသည်။
     စာရေးသူတို့တစ်တွေက ညီအစ်ကိုမောင်နှတွေများသည်။ မိဘများက၀န်ထမ်း မိသားစုများဖြစ်သဖြင့် ငယ်စဉ်ကတည်း က ကျောင်းသို့သွားရာတွင်မုန့်ဖိုးမရ။ အိမ် တွင်သားသမီးအားလုံးကို ညီတူညီမျှကျွေးမွေးပြီးမှ ကျောင်းသို့လွှတ်သည်။ စည်းနှင့် ကမ်းနှင့်နေထိုင်ရသည်။ နေ့လည်ထမင်းစားချိန်တွင် အိမ်မှာထမင်းစားအပြီး မိခင် က၀ယ်ထားသောမုန့်များကို တစ်ယောက်တစ်ခုဝေပေးသည်။ ကျောင်းသို့သွားပါ ကမောင်နှမတစ်တွေ ရှေ့ဆင့်နောက်ဆင့်သွားရသည်။ အကြီးဆုံးက နောက်ဆုံးက လိုက်ရသည်။ အားလုံးကိုကူညီနိုင်ရန်ဖြစ်သည်။  လမ်းတွင်ရှိသောခွေးများ အခြား အန္တရာယ်များကို ကြီးသူများကကာကွယ်ရသည်။
     စာရေးသူတို့တစ်တွေလေ့ကျင့်သားပြည့်ဝခဲ့သည်။ အသက်ကြီးလာပြီးငွေရှာရ သောအခါ ငွေကိုလိုအပ်သည့်နေရာတွင်သာသုံးတတ်လာသည်။ အပိုသုံးမပြစ်တော့ ပါ။ တစ်ယောက်နှင့်တစ်ယောက်စောင့်ရှောက်တတ်သည့်အလေ့အကျင့်ကိုမိဘများ ကမွေးမြူပေးထားသည့်အတွက် တစ်ယောက်နှင့်တစ်ယောက်ဖေးမကူညီနိုင်ခဲ့သည်။ ယခုအချိန်အထိစာရေးသူတို့မိသားစုတစ်တွေ တစ်ယောက်နှင့်တစ်ယောက်စောင့် ရှောက်နေကြတုန်းဖြစ်သည်။
     လူမှုရေးကူညီမှုလုပ်ငန်းတွေကို စာရေးသူလုပ်ငန်းလုပ်နေရင်းလုပ်ကိုင်ဆောင် ရွက်နေသည်။ မိမိအကျိုးစီးပွားကိုလည်းတစ်ဖက်တစ်လမ်းကရှာရင်းလိုအပ်သည့် နေရာ ၊ကွက်လပ်လေးများကိုဖြည့်သည့်လူမှုရေးလုပ်ငန်းများကိုလည်း လုပ်ပေးနေ သည်။ စိတ်ကိုဖြူစင်အောင်ထားသည်။ စာရေးသူတို့နေသောနေရာလေး၊ စာရေးသူ တို့နေသောမြို့ကလေး၊  ဒီထက်ထပ်ပြီးကြီးကြီးကျယ်ကျယ်ပြောရလျှင် စာရေးသူ တို့နေသောတိုင်းဒေသကြီး၊ ပြည်နယ်၊ နောက်ပြီး မြန်မာနိုင်ငံကြီး တိုးတက်မယ်ဆို ရင် စာရေးသူကကျရာနေရာကနေတာဝန်ထမ်းဆောင်ပေးချင်သည်။ ဟိုလူမကောင်း လို့ ငါတို့မလုပ်ဖူး၊ ဒီလူ့ကို မကြိုက်လို့ငါတို့တော့ ကန့်လန့်တိုက်လိုက်မယ်စ သည်ဖြင့် သဘောထားမပြည့်ဝသည့်အလုပ်များကို စာရေးသူရှောင်သည်။ ကျရာနေ ရာမှာလုပ်သည်ဆိုတာက စာရေးသူစွမ်းနိုင်သလောက်သာဖြစ်သည်။ စာရေးသူက ဒီလောက်စွမ်းနိုင်သည်။ တစ်ခြားတစ်ယောက်က စာရေးသူထက်ပိုစွမ်းနိုင်ပါက စာ ရေးသူနေရာဖယ်ပေးသည်။ ကူညီသည်။ လမ်းမှန်ကို လျောက်ကြဖို့စာရေးသူတိုက် တွန်းချင်သည်။
   စာရေးသူတို့ တစ်တွေအားလုံးဝိုင်းပြီး ဧရာဝတီကိုထိန်းသိမ်းကြမယ်။ သစ်ပင်သစ် တောတွေကိုခုတ်တာကို ကာကွယ်ကြမယ်။ သစ်ပင်တွေကိုစိုက်ကြမယ်။ သစ်ပင် တစ်ပင်ရှင်သန်ကြီးထွားဖို့ အချိန်ဘယ်လောက်ယူရသလဲဆိုတာ စာဖတ်သူတို့သိ ပြီးသားဖြစ်ပါတယ်။ စာရေးသူတို့အသက်အရွယ်တွေနဲ့သက်တမ်းစေ့အောင်နေရ မယ်ဆိုရင်တောင် ဒီနေ့လုပ်ရမဲ့ ကာကွယ်ခြင်း၊ ထိန်းသိမ်းခြင်းတွေလုပ်ရင်တောင် စာရေးသူတို့မမီနိုင်တော့ဘူး။ ဒါပေမဲ့လုပ်ကိုလုပ်ရမယ်။ ဘာဖြစ်လို့လဲဆိုတော့ စာ ရေးသူတို့တစ်တွေ ဒီလိုနေနိုင်အောင် စာရေးသူတို့ထက်အရင် လောကကြီးကို ရောက်ရှိခဲ့သူတွေက လုပ်ပေးခဲ့ကြတယ်။ စာရေးသူတို့တစ်တွေကလည်းလက်ဆင့် ကမ်းပြီးတာဝန်ကျေအောင်လုပ်ရမယ်။ စာရေးသူတို့ရဲ့နောက်မျိုးဆက်သစ်တွေက လည်း စာရေးသူတို့လိုတာဝန်တွေကျေဖို့လိုအပ်ပါလိမ့်မယ်။
   မြန်မာနိုင်ငံကြီး သူများလက်အောက်ကိုနှစ်ပေါင်းတစ်ရာကျော်ရောက်သွားခဲ့ဖူးပြီ။ ဘယ်လောက်တောင်ခံစားခဲ့ရသလဲ။ ဘယ်လိုပြန်လုပ်ပြီး ကိုယ့်မြေ ကိုယ့်ရေကိုပြန် ပြီးခက်ခက်ခဲခဲ ရယူခဲ့ရသလဲ။ ဒါတွေဟာ သင်ခန်းစာတွေပါ။ စာရေးသူတို့ထက် အရင်က မြန်မာနိုင်ငံမှာနေတဲ့သူတွေက လွတ်လပ်တဲ့အချုပ်အခြာ အာဏာတစ်ခု ကိုပိုင်ဆိုင်အောင် လုပ်ထားကြတယ်။ စာရေးသူတို့လက်ထက်မှာလည်း စာရေးသူ တို့က ကာကွယ်ထိန်းသိမ်းရမယ်။ စာရေးသူစိတ်မကောင်းဖြစ်မိတာလေးတစ်ခုပြော ပြချင်ပါတယ်။ နိုင်ငံရေးပါတီကြီးတစ်ခုက ဟောပြောပွဲတစ်ခုမှာ `ခုလိုနေရမဲ့အစား နိုင်ငံကြီးတစ်ခုကအုပ်ချုပ်လိုက်ရင်ကောင်းမှာပဲ´လို့ပြောခဲ့တာကို ကြားခဲ့ရပါတယ်။ စာရေးသူတော်တော်လေး စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။
လက်ဆင့်ကမ်းတယ်ဆိုတာက အကောင်းအတိုင်းလက်ဆင့်ကမ်းတာ အကောင်းဆုံး ပါ။ ဆိုကြပါစို့။စာရေးသူက ကိုယ်မွေးထားတဲ့သားသမီးတွေကို လက်ဆင့်ကမ်းအ မွေပေးခဲ့မယ်ဆိုရင် အကောင်းဆုံးဆိုတာတွေကို ပေးခဲ့ချင်တယ်။ အနာတရတွေနဲ့မ ပေးခဲ့ချင်ဘူး။ ဒီလိုပဲ စာရေးသူတို့ဟာ နောင်တစ်ချိန်မှာ ဒီနေ့လူငယ်တွေကိုလက် ဆင့်ကမ်းခဲ့ကြရမှာပါ။ ဆုပ်ကိုင်ထားလို့မရပါဘူး။ အသက်အရွယ်ကြောင့်ပဲဖြစ်စေ၊ ကျန်းမာရေးကြောင့်ပဲဖြစ်စေပေါ့။ ဒီနေ့လူငယ်တွေဟာလည်း နောင်တစ်ချိန်မှာပြန် ပြီးလက်ဆင့်ကမ်းကြရမှာ မလွဲဧကန်ပါပဲ။ လက်ဆင့်တွေကမ်းကြမယ်ဆိုရင်ဘယ်လို မျိုးလက်ဆင့်ကမ်းပေးကြမှာပါလဲ။
စာရေးသူတို့တစ်တွေ ဘယ်သူသေသေ ငတေမာရင်ပြီးရော လုပ်လို့မရပါဘူး။ စာ ရေးသူတို့ငယ်ငယ်က မောင်နှမတွေများတော့ မိခင်က ခဏခဏဆုံးမတဲ့စကားလေး ကိုခုထိမှတ်မိနေပါတယ်။ အဲဒီအတိုင်းစာရေးသူရဲ့ဘ၀မှာကျင့်သုံးပါတယ်။ စားစရာ သောက်စရာ  များကိုစားတဲ့အခါမှာ အားလုံးကိုတော့ထည့်ပေးထားပြီး `ရှေ့လူ နောက်လူကြည့်စား ´တဲ့။ စာရေးသူတို့တစ်တွေရှေ့လူနောက်လူတွေအတွက် ချန် ကြရမှာပါ။ ဥပမာ ရေဖူလုံဖို့ ၊ စားနပ်ရိက္ခာဖူလုံဖို့၊ သဘာဝပတ်ဝန်းကျင်ကြီး ညီ ညွတ်မျှတဖို့ စသည်တို့ကို အကောင်းဆုံးအနေအထားဖြစ်အောင်ဖန်တီးတည် ဆောက်ပေးကြရပါမယ်။ လက်ဆင့်ကမ်းတယ်ဆိုတာကိုလည်း ကိုယ်ချင်းစာတရား နဲ့ဆင်ချဉ်ပြီး လုပ်ဆောင်ကြဖို့တိုက်တွန်းလိုက်ပါရစေဗျာ။
နေ၀င်းဇော်(မြန်အောင်)

Tuesday, October 29, 2013

သူ့အရပ်နှင့်သူ့ဇာတ်


         ဒီရွာလေးကိုမရောက်ဖြစ်တာတော်တော်ကြာပါနေပါပြီ။ စာရေးသူလည်းအလုပ်မ အားတာကတစ်ကြောင်း၊         ရွာကိုလည်းသွားစရာကိစ္စမပေါ်တာကတစ်ကြောင်းတို့ ကြောင့်လည်းဖြစ်သည်။ စာရေးသူကမြို့မှာနေတာဆိုပေမဲ့ရွာဖက်ကလူတွေတော်တော် များများနှင့်ရင်းနှီးသည်။  လုပ်တဲ့အလုပ်ကလည်း စပါးပွဲစားလုပ်တာဖြစ်သည်။ ကျန်းမာ ရေးမကောင်းလို့    အလုပ်ကိုတစ်နှစ်လောက်နားလိုက်ရသည်။ ဖြစ်တဲ့ရောဂါကဂေါက် ရောဂါဆိုလားဆရာဝန်ကြီးကတော့ပြောပြပါသည်။  ဖြစ်တာက ခြေထောက်အဆစ်တွေ ရောင်၊ ဒူးခေါင်းတွေရောင်ပြီး မသွားနိုင်မလာနိုင်ဖြစ်တာပါ။   မရိုသေစကား နောက်ဖေး သွားတာတောင် မျက်ရည်ကျတယ်။ အဲလောက်ဆိုးတဲ့ရောဂါပါ။
        ရောဂါဖြစ်တဲ့အချိန်က ဆောင်းတွင်းဖက်အေးရင်ပိုဖြစ်တယ်။ ရောဂါဖြစ်ချိန်ဆိုရင် စာရေးသူ တုတ်ကောက်တစ်လက်ဖြင့်သွားနေရသည်။   ခြေထောက်အကွေးအဆန့်ကို တောင်စုပ်သတ်ရသည်။ ပွဲစားဆိုတော့ ဆိုင်ကယ်စီးပြီးသွားရသည်။    စပါးပိုင်ရှင်လယ် သမားက ရောင်းမည်ဆိုရင် ချက်ချင်းသွားမှ    နည်းနည်းနောက်ကျတာနှင့်ပွဲစားတွေက ခြေချင်းလိမ်နေသည်။ တစ်ခါတစ်လေ ချေးများပြီး   မ၀ယ်ဖြစ်ခဲ့သောစပါးကို တစ်ခြားပွဲ စားတစ်ယောက်က ဈေးကောင်းပေးပြီးဝယ်သွားတာလည်းရှိသည်။   လမ်းတောင်တုတ် ကောက်နှင့်လျှောက်နေရတော့ဘယ်လိုလုပ်ပြီး စပါးဝယ်လို့ရတော့မှာလဲ။    ဒါနဲ့စပါးပွဲ စားအလုပ်ကိုမလုပ်ဖြစ်ပဲ ဆန်အိတ်လေးဝယ်ပြီး     ရပ်ကွက်ထဲမှာနို့ဆီဗူး တစ်လုံးစနှစ် လုံးဝယ်စားတဲ့လူတွေကို ခေါက်ပြန်ပေးစနစ်နဲ့ရောင်းပေးရသည်။  စာရေးသူကပွဲစားဆို တော့ ဆန်စက်ပိုင်ရှင်တွေဆီက အကြွေးယူကာ အရပ်ထဲမှာ   ကုန်စုံဆိုင်လေးဖွင့်ပြီး အ ဆင်ပြေအောင်နေရသည်။  မိသားစုကလည်းနည်းနည်းများတော့ကသီလင်တတော့နဲနဲ နိုင်တာပေါ့။ ဒါပေမဲ့အဆင်ပြေပါသည်။
          စာရေးသူတို့နေတဲ့ရပ်ကွက်ထဲမှာချမ်းသာတဲ့သူဆိုလို့ လက်ချိုးရေတွက်လို့ရ သည်။ စာရေးသူရဲ့ကုန်စုံဆိုင်လေးမှာ မြန်မာ့တိုင်းရင်းဆေး၊ နိုင်ငံခြားဆေးအနည်းငယ် ကိုလည်း ရောင်းချသေးသည်။    တိုင်းရင်းဆေးများကတော့ အပူငြိမ်းဆေး၊ လျက်ဆား၊ အစာကြေလေနိုင်ဆေး စသည့်အရပ်ထဲကလူများကြိုက်နှစ်သက်သည့် အသုံးများသည့် တံဆိပ်ဆေးများကို ဆိုင်ပေါ်တွင်တင်ပြီးရောင်းချရသည်။   အကြွေအမ်းစရာမရှိပါကအ ဆင်ပြေသည်။ ဆပ်ပြာမှုန့်ထုပ်၊ ကော်ဖီမစ်ထုပ်ပေးလိုက်ပါက သိပ်မကြိုက် လျက်ဆား ထုပ်လေးပေးလိုက်ရင်သဘောကျသည်။  အင်္ဂလိပ်ဆေးများကတော့ ခုခေတ်ပေါ်နေတဲ့ ဒီကိုဂျင်၊ ဘိုင်အိုဂျက်စစ်၊ အောက်ဆီပက်၊   ပါရာစီတမော၊ ဒိုင်ဂျင်း၊ အမောက်စာစလင် စသည့်ဆေးများကို နည်းနည်းစီတင်ထားရသည်။     စာရေးသူကလည်းစီးပွားရေးမပြေ လည်လို့သာရောင်းချရတာဖြစ်ပြီး  အင်္ဂလိပ်ဆေးများ၏ဆေးညွှန်းများတွင် ( Cold and Dry Place) ဆိုပြီးရေးထားတာများသည်။     ဆေးပုလင်းများဆေးကတ်များကိုရောင်းချ ရာတွင် တစ်ခါတစ်လေနေထိုးသောနေရာ ၊       ကုန်စုံနှင့်ရောရောင်းရသောနေရာတွင် လည်းမသန့်ပြန့်သောနေရာတွင်ထားရသည်များလည်းရှိသည်။         စာရေးသူစိတ်မ ကောင်းခြင်းများစွာဖြစ်ရပါသည်။
            အရပ်ထဲနေသူများနေမကောင်းလို့ဆေးကုလျှင်လည်း ဆရာဝန်ဖွင့်ထားသော ဆေးခန်းများသို့မသွားနိုင်ပါ။     အရပ်ထဲတွင်လိုက်ပြီးအိမ်တိုင်ရာရောက်လိုက်ကုသော ဆရာ၊ ဆရာမတွေနှင့်ကုသနေရသည်။ သူတို့နှင့်ကုသပါက ဆရာဝန်ဆေးခန်းလောက် ငွေမပေးရသည့်အပြင် အကြွေးထားလို့လည်းရသည်။ ဆရာ၊  ဆရာမဆိုသည်မှာ သား ဖွားဆရာမ၊ ကျောက်ဆေးထိုးဆရာ ၊ သူနာပြုဆရာမ စသည်တို့ဖြစ်သည်။  ဘာပဲပြော ပြော စာရေးသူတို့အရပ်ထဲတွင်နေထိုင်သော ငွေကြေးမတတ်နိုင်သူများကတော့ ဆိုင်မှ ဆေးများကိုဝယ်သောက်လိုက် မပျောက်လျှင် ဆရာမထံတွင်အကြွေးဆေးထိုးလိုက်ဖြင့် အဆင်ပြေနေကြပါသည်။ သူ့အရပ်နှင့်သူ့ဇာတ်ကလိုက်တယ်ဆိုတာဒါမျိုးဖြစ်မည်ထင် ပါသည်။
             စာရေးသူဒီရွာကိုလာရခြင်းက အလှူတစ်ခုဖိတ်လို့လာရတာဖြစ်သည်။ ကျေး လက်တောရွာတွင်နေထိုင်သူများမှာ ချစ်စရာဓလေ့တစ်ခုရှိသည်။ အလှူလုပ်လျှင်ရွာလုံး ကျွတ်မီးခိုးတိတ်လာစားကြသည်။ အလှူရှင်ကလည်း       အလှူမလုပ်ခင်မဏ္ဍပ်ထိုးက တည်းကကြွေးနေရသည်။ တစ်ရွာလုံးကလည်း သူ့အလှူ ကိုယ့်အလှူလိုက်လံလုပ်ကိုင် ကြရသည်။ ဘုန်းကြီးတရားနာအပြီး ထမင်းစားလက်မှတ်ဝေသည်။      စာရေးသူလည်း တစ်စောင်ရသည်။ ပထမအသုတ်အဖြစ်ပါဝင်သည်။ ကိုယ့်ကိုကိုယ်    အထင်ကြီးသွားမိ သည်။ မိမိကိုတလေးတစားလာပေးပြီး   ပထမအသုတ်တွင်ထည့်ပေးထားသောကြောင့် ဖြစ်သည်။ စာရေးသူမိမိကိုယ်မိမိ အထင်ကြီးစိတ်ပျောက်သွားသည်။    အသံချဲ့စက်ဖြင့် အော်လိုက်ပုံက ´ ထမင်းစားလက်မှတ်ဝေသူများ ရပ်ဝေးပြန်မည့်သူများကိုဦးစားပေးဝေ ပါ´ တဲ့။ စာရေးသူကရပ်ဝေးကဧည့်သည်ဖြစ်သည်။
              စာရေးသူထမင်းစားအပြီး ရေနွေးကြမ်းနှင့်လက်ဖက်သုပ်လေးစားနေစဉ်တွင် မဏ္ဍပ်အလယ်လောက်တွင်ရုတ်ရုတ်သဲသဲဖြစ်သွားသည်။  လူများကအုံနေသဖြင့်စာရေး သူလည်း ထိုင်ရာမှထကာတိုးဝှေ့ကြည့်လိုက်မိသည်။  ကောင်မလေးတစ်ယောက်မူးလဲ သွားတာဖြစ်သည်။ အလှူရှင်၏အိမ်ထဲသို့  ကောင်မလေးကိုပွေ့ချီပြီးလိုက်ပို့ကြသည်။ စာရေးသူလည်း သိချင်စိတ်ပြင်းပြနေသဖြင့် အိမ်ထဲသို့လိုက်ခဲ့သည်။    သူတို့တစ်တွေ က `ဆရာခေါ်ပါ၊ ဆရာခုနက မဏ္ဍပ်ထဲမှာတွေ့တယ်´လို့လူတစ်ယောက်၏ပြောသံကို ကြားလိုက်ရအပြီး `ပထွေးလေး ၊   ကျွန်တော်ခေါ်ပေးမယ်´ဟုဆိုကာထွက်သွားသည်။ သိပ်မကြာလိုက်ပါ။ အကျီ င်္အဖြူနှင့်လူတစ်ယောက်ရောက်လာသဖြင့် ဆရာလာတာဖြစ် မည်ဟုထင်ထားသည့်အတိုင်း တကယ်ဆရာရောက်လာတာပါ။ စာရေးသူလည်းအံ့သြ သွားမိသည်။ ဒီလိုရွာမျိုးကိုဘယ်လိုဆရာဝန်မျိုးကလာထိုင်မှာမဟုတ်။
             ရောက်လာသည့်ဆရာဆိုသူကိုနေရာပေးလိုက်သည်။ ဆရာကအကျအနနား ကြပ်ကိုဆွဲထုတ်လိုက်သည်။ ပြီးတော့ နားကြပ်ဖြင့် ဟိုစမ်းဒီစမ်းလုပ်လိုက်ပြီး သွေးပေါင် ကြွတ်ကြွတ်အိတ်ဖြင့်ထုတ်ထားသောသွေးပေါင်ချိန်စက်ကိုထုတ်လိုက်သည်။ ကလေးမ လေးလက်မောင်းမှာပတ်လိုက်ပြီး အကျအနချိန်နေတာတွေ့လိုက်ရသည်။   စာရေးသူ လည်းစိတ်ဝင်စားသဖြင့် ဆရာဆိုသူကိုအနီးကပ်ကြည့်လိုက်တော့ စာရေးသူစပါးပွဲစား လုပ်တုန်းကထိုရွာတွင်စပါးလိုက်ဝယ်ခိုင်းသော     ရွာနာမည်ပြူးကျယ်ဆိုသောကောင် လေးဖြစ်နေသည်။ စာရေးသူပိုပြီးစိတ်ဝင်စားသွားရပြန်သည်။
          စာရေးသူ ပြူးကျယ်ကိုရွာမှာ တဆင့်ခံပွဲစားထားတုန်းက ပြူးကျယ်ကစပါးတော် တော်ရသည်။   ပြူးကျယ်က ရွာမှာအမျိုးများသလို အပေါင်းအသင်းလည်းဆံ့သည်။ ပြူး ကျယ်မှာအားနည်းချက်ကတော့     မတွက်တတ် မချက်တတ်တာဖြစ်သည်။ ငွေကိုပေး လိုက်ပါက ဘယ်တော့မှအဆင်မပြေသဖြင့်  စာရေးသူကသေချာအောင်တွက်ပေးလိုက် ရသည်။ ပြူးကျယ်က ရွာရှိမူလတန်းကျောင်းကလေးက      လေးတန်းလေးခါကျသဖြင့် ကျောင်းထွက်ထားရသူဖြစ်သည်။ စာကိုဖြောင့်အောင်မရေးတတ်ပါ။    ပြူးကျယ်စာရေး လျှင် တောတစ်လုံးတောင်တစ်လုံးဖြစ်နေတတ်သည်။ ဥပမာ   `ဧရာမင်းစပါးဖိုး ပေးရန် ရှိပါသည်၊ ကျွန်တော်အားယခုလာသူလူကြုံနှင့် ငွေပေးလိုက်ပါ´    လို့ရေးရမည်ကို ပြူး ကျယ်က `အေယာမင်းစပါးဘိုး ပေးရံရှိသည်၊     အနော်အားအခုလာသူလူကျုံနဲ့ငွေပေ လိုက်ပါ´ရေးတတ်သူတစ်ယောက်လည်းဖြစ်သည်။
        မြန်မာစာကိုတောင်လေးလုံးကွဲအောင်သိပ်မတတ်သော ပြူးကျယ်တစ်ယောက်ခု တော့ဆေးဆရာကြီးဖြစ်လို့နေပါသည်။ သွေးပေါင်ချိန်လိုက်၊ နားကြပ်ဖြင့်စမ်းလိုက်လုပ် ပြီး ပြူးကျယ်သူကိုင်လာသော   ကိုင်းတပ်ထားသောပီနံအိတ်ခွံထဲမှ ဆေးဘူးနှင့် တစ်ခါ သုံး 20cc ဆေးထိုးပိုက်ကိုထုတ်လိုက်သည်။    ကလေးမလေးကလည်း သတိရနေပါပြီ။ ပြူးကျယ် ဆေးထိုးပိုက်ထဲသို့   ဆေးပုလင်းထဲမှဆေးများကိုစုပ်ယူလိုက်ပြီး ဘေးနားမှာ ရှိသောလူကို ကလေးမလေးလက်မောင်းကိုကိုင်ခိုင်းကာ   လက်သီးဆုပ်ခိုင်းထားပြီး အ ကြောရှာကာ အကြောဆေးကိုထိုးလိုက်သည်။     လက်မောင်းရှိဆေးထိုးသည့်နေရာက ဖောင်းတက်လာသည်။ ကလေးမလေးကလည်း နာတယ်နာတယ်လို့အော်လိုက်သဖြင့် ပြူးကျယ်က ခပ်တည်တည်ပင် ဆေးထိုးအပ်ကို ပြန်နုတ်လိုက်သည်။ ကလေးမလေးကို လည်း မာန်လိုက်သေးသည်။    ´နင်ကလှုပ်နေတာကို အကြောလွဲသွားတာပေါ့´ တဲ့က လေးမလေးလည်းမျက်လုံးအကြောင်သားဖြင့်   ဆရာပြူးကျယ်အားကြည့်နေသည်။ တ ကယ်တော့ကလေးမလေးမလှုပ်ပါ။ သူ့ဘာသာ လက်လွဲသွားတာအားလုံးအမြင်ဖြစ်ပေ မဲ့ ဘယ်သူမှမပြောရဲပါ။ ဆရာဆိုတော့လည်း ကျေးရွာတွေမှာသမားဂုဏ်ဆိုတာရှိသည်။ နောက်တစ်ကြိမ်ထပ်ထိုးသည်။ အဆင်မပြေ ၊ နောက်ဆုံးလေးကြိမ်မြောက်မှအဆင်ပြေ သွားသည်။ ဆေးထိုးအပြီးကလေးမလေးလည်း   မောလာက သတိလစ်သွားသည်။ စာ ရေးသူလည်း မနေနိုင်တော့ပါ။      ချက်ချင်းစာရေးသူအသင့်ပါလာသောဖုန်းဖြင့် မြို့က ကြက်ခြေနီအသင်းမှာရှိတဲ့  အရေးပေါ်လူနာတင်ယာဉ်ကိုခေါ်လိုက်ရသည်။ ကြက်ခြေနီ ဒုတိယ တပ်ရင်းမှူးကလည်းချက်ခြင်းစီစဉ်ကာ       အရေးပေါ်လူနာတင်ယာဉ်ကိုလွှတ် လိုက်သည်။ ရွာကလည်းသိပ်မဝေးတော့ တစ်နာအတွင်းကားရောက်လာသည်။
         ကလေးမလေးဆေးရုံသို့အချိန်မီရောက်လိုက်သဖြင့် အသက်ချမ်းသာရာရသွား သည်။ စာရေးသူလည်း ဆေးရုံသို့လိုက်လာပြီး ဆရာဝန်ကြီးအားအကျိုးအကြောင်းရှင်း ပြလိုက်သဖြင့် ဆရာဝန်ကြီးလည်းသဘောပေါက်ကာ အချိန်မီကယ်တင်လိုက်နိုင်သည်။ နောက်ရက် စာရေးသူသတိရလို့ပြူးကျယ်အကြောင်းမေးလိုက်တော့   ပြူးကျယ်လည်း ဖြစ်တဲ့နေ့ကတည်းကရွာမှပျောက်သွားသည်ဟုသိရသည်။         မြန်မာစာတော့ဖြောင့် အောင်မရေးတတ် မဖတ်တတ်သည့်သူက ဆေးထိုးဆရာလုပ်နေသည်ကို ရွာကလူများ ကလည်းယုံကြည်ပြီးဆရာဆရာဆိုပြီး ဆေးကုခံကြသည်။      ပြူးကျယ်ဆေးထိုးသင်ခဲ့ သည်အချိန်ကိုပြန်တွက်ကြည့်လိုက်တော့       ခြောက်လလောက်သာကြာသည်ဟုသိရ သည်။ ဆရာဝန်တွေဆေးကျောင်းမှာခြောက်နှစ်လောက်   အခြေခံပညာရပ်တွေကိုသင် ကြားခဲ့ရသည်။ နောက်လက်တွေ့နယ်ပယ်မှာ စီနီယာဆရာကြီးများ၏ သင်ပြမှုအောက် မှာဆက်လက်သင်ယူပြီး လူတစ်ယောက်ရဲ့အသက်ကို       အလေးထားကာကုသကြရ သည်။ အင်္ဂလိပ်စာကိုမတတ်သောပြူးကျယ်က    ခုတော့ဒေါက်တာပြူးကျယ် ( MBBS) ဖြစ်နေသည်။ MBBS ဆိုတော့အထင်မကြီးပါနှင့်  သူ့ရွာမှာရှိတဲ့ပညာတတ်တစ်ယောက် ကပေးထားတဲ့ဘွဲ့ဖြစ်ပါတယ်။ စာရေးသူလည်း သိချင်တာနှင့် MBBS အကြောင်းကိုမေး ဖြစ်သည်။ ထိုလူက စာရေးသူကိုပွဲစားဟုခေါ်သည်။    ပွဲစားရယ် MBBS ဆိုလို့အထင်မ ကြီးလိုက်နဲ့ ကျွန်တော်ကပေးထားတဲ့နာမည်ပါ၊ M ဆိုတာက မြန်မာလေ၊   B ဆိုတာက တော့ ဗုဒ္ဓလေ၊ ဒုတိယ B ကတော့ ဗိန်းနောလေ၊ S ကတော့ ဆရာပေါ့´      အားလုံးကို ဘာသာပြန်တော့ပွဲစားရယ် မြန်မာဗုဒ္ဓဗိန်းနောဆရာ ပေါ့´တဲ့။ အော်သူ့ဟာနဲ့သူ သူ့အ ရပ်နဲ့သူ့ဇာတ်ကတော့အံကိုက်ပါပဲလို့စာရေးသူမှတ်ချက်ချလိုက်မိပါတော့သည်။ 

နေ၀င်းဇော်(မြန်အောင်)